41. ယေရှုက “ငါသည် ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏”ဟု မိန့်တော်မူသောကြောင့် ဂျူးလူမျိုးတို့က
42. “ဤသူသည် ယောသပ်၏သားယေရှုဖြစ်သည်မဟုတ်လော။ သူ၏မိခင်နှင့်ဖခင်ကိုလည်း ငါတို့သိကြသည်မဟုတ်လော။ ယခု သူသည် အဘယ်ကြောင့် ‘ငါသည် ကောင်းကင်မှဆင်းသက်၏’ဟု ဆိုရသနည်း”ဟူ၍ ကိုယ်တော့်အကြောင်းကို မကျေမနပ်ပြောဆိုကြ၏။
43. ယေရှုကလည်း “အချင်းချင်းကြားတွင်မကျေမနပ်ပြောဆိုမနေကြနှင့်။
44. ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်ဆွဲငင်တော်မမူလျှင် မည်သူမျှ ငါ့ထံသို့မလာနိုင်။ ငါ့ထံသို့လာသောသူကို နောက်ဆုံးသောနေ့၌ ငါသည်ထမြောက်စေမည်။
45. ပရောဖက်ကျမ်းများတွင် ‘ထိုသူအပေါင်းတို့သည် ဘုရားသခင်၏သွန်သင်တော်မူခြင်းကို ခံရသောသူများဖြစ်ကြလိမ့်မည်’ဟု ရေးထားသည်ဖြစ်၍ ခမည်းတော်ထံ၌ ကြားနာပြီး နည်းခံသောသူတိုင်းသည် ငါ့ထံသို့လာကြ၏။
46. ထိုသို့ဆိုသော် တစ်စုံတစ်ယောက်က ခမည်းတော်ကိုမြင်ခဲ့ပြီဟုမဆိုလို။ ဘုရားသခင်ထံမှ ကြွလာသောသူတစ်ဦးတည်းသာလျှင် ခမည်းတော်ကိုမြင်ခဲ့၏။
47. သင်တို့အား ငါအမှန်အကန်ဆိုမည်။ ယုံကြည်သောသူသည် ထာဝရအသက်ကိုရရှိ၏။
48. ငါသည် အသက်မုန့်ဖြစ်၏။
49. သင်တို့၏ဘိုးဘေးများသည် တောကန္တာရ၌ မန္နကိုစားခဲ့ပြီး သေဆုံးသွားကြ၏။
50. ဤမုန့်ကား စားသုံးသောသူသည် သေခြင်းနှင့်ကင်းလွတ်မည့်အကြောင်း ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏။
51. ငါသည် ကောင်းကင်မှဆင်းသက်သည့် အသက်ရှင်သောမုန့်ဖြစ်၏။ မည်သူမဆို ဤမုန့်ကိုစားလျှင် ကာလအစဉ်အဆက်အသက်ရှင်မည်။ ငါပေးမည့်မုန့်ကား လောကီသားတို့၏အသက်အတွက် ငါစွန့်သောငါ၏အသားပေတည်း”ဟု မိန့်တော်မူ၏။
52. ထိုအခါ ဂျူးလူမျိုးတို့က “ဤသူသည် သူ့အသားကို ငါတို့စားရန် မည်သို့ပေးနိုင်မည်နည်း”ဟု အချင်းချင်းငြင်းခုံပြောဆိုကြ၏။
53. ယေရှုကလည်း “သင်တို့အား ငါအမှန်အကန်ဆိုမည်။ လူ့သား၏အသားကိုမစား၊ သူ၏သွေးကိုမသောက်လျှင် သင်တို့၌အသက်မရှိ။
54. ငါ၏အသားကိုစား၍ ငါ၏သွေးကိုသောက်သောသူသည် ထာဝရအသက်ကိုရရှိ၏။ ငါသည် ထိုသူကို နောက်ဆုံးသောနေ့၌ ထမြောက်စေမည်။
55. အကြောင်းမူကား ငါ၏အသားသည် စစ်မှန်သောစားစရာဖြစ်ပြီး ငါ၏သွေးသည် စစ်မှန်သောသောက်စရာဖြစ်၏။