ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 6:33-52 Myanmar Standard Bible (MSB)

33. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​မုန့်​သည် ကောင်း​ကင်​မှ​ဆင်း​သက်​၍ လော​ကီ​သား​တို့​အား အ​သက်​ကို​ပေး​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

34. ထို​အ​ခါ သူ​တို့​က “သ​ခင်​ဘု​ရား၊ ထို​မုန့်​ကို အ​ကျွန်ုပ်​တို့​အား အ​စဉ်​ပေး​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

35. ယေ​ရှု​က​လည်း “ငါ​သည် အ​သက်​မုန့်​ဖြစ်​၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည် မည်​သည့်​အ​ခါ​မျှ ဆာ​လောင်​မည်​မ​ဟုတ်။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည်​လည်း မည်​သည့်​အ​ခါ​မျှ​ရေ​ငတ်​တော့​မည်​မ​ဟုတ်။

36. သို့​ရာ​တွင် သင်​တို့​သည် ငါ့​ကို​မြင်​လျက်​ပင် မ​ယုံ​ကြည်​ကြ​ဟု ငါ​ဆို​ခဲ့​ပြီ။

37. ငါ့​အား​ခ​မည်း​တော်​ပေး​တော်​မူ​သော​သူ​မှန်​သ​မျှ​သည် ငါ့​ထံ​သို့​လာ​မည်။ ငါ့​ထံ​သို့​လာ​သော​သူ​ကို​လည်း ငါ​သည် မည်​သည့်​အ​ခါ​မျှ​နှင်​ထုတ်​မည်​မ​ဟုတ်။

38. အ​ကြောင်း​မူ​ကား ငါ​သည် မိ​မိ​အ​လို​ကို ဆောင်​ရွက်​ရန်​မ​ဟုတ်​ဘဲ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို​တော်​ကို ဆောင်​ရွက်​ရန် ကောင်း​ကင်​မှ​ဆင်း​သက်​၏။

39. ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို​တော်​ကား ငါ့​ထံ​ကိုယ်​တော်​ပေး​အပ်​တော်​မူ​သ​မျှ​သော​သူ​တို့​တွင် တစ်​စုံ​တစ်​ဦး​ကို​မျှ ငါ​မ​ဆုံး​ရှုံး​ဘဲ နောက်​ဆုံး​သော​နေ့​၌ ထို​သူ​တို့​ကို​ထ​မြောက်​စေ​ရန်​ဖြစ်​၏။

40. အ​မှန်​စင်​စစ် ငါ့​ခ​မည်း​တော်​၏​အ​လို​တော်​မှာ သား​တော်​ကို​မြင်​၍​ယုံ​ကြည်​သော​သူ​တိုင်း ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​ရန်​ဖြစ်​၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့​၌ ထို​သူ​တို့​ကို​ထ​မြောက်​စေ​မည်”​ဟု မိန့်​တော်​မူ​၏။

41. ယေ​ရှု​က “ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​သော​ကြောင့် ဂျူး​လူ​မျိုး​တို့​က

42. “ဤ​သူ​သည် ယော​သပ်​၏​သား​ယေ​ရှု​ဖြစ်​သည်​မ​ဟုတ်​လော။ သူ​၏​မိ​ခင်​နှင့်​ဖ​ခင်​ကို​လည်း ငါ​တို့​သိ​ကြ​သည်​မ​ဟုတ်​လော။ ယ​ခု သူ​သည် အ​ဘယ်​ကြောင့် ‘ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​၏’​ဟု ဆို​ရ​သ​နည်း”​ဟူ​၍ ကိုယ်​တော့်​အ​ကြောင်း​ကို မ​ကျေ​မ​နပ်​ပြော​ဆို​ကြ​၏။

43. ယေ​ရှု​က​လည်း “အ​ချင်း​ချင်း​ကြား​တွင်​မ​ကျေ​မ​နပ်​ပြော​ဆို​မ​နေ​ကြ​နှင့်။

44. ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်​ဆွဲ​ငင်​တော်​မ​မူ​လျှင် မည်​သူ​မျှ ငါ့​ထံ​သို့​မ​လာ​နိုင်။ ငါ့​ထံ​သို့​လာ​သော​သူ​ကို နောက်​ဆုံး​သော​နေ့​၌ ငါ​သည်​ထ​မြောက်​စေ​မည်။

45. ပ​ရော​ဖက်​ကျမ်း​များ​တွင် ‘ထို​သူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​သွန်​သင်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​များ​ဖြစ်​ကြ​လိမ့်​မည်’​ဟု ရေး​ထား​သည်​ဖြစ်​၍ ခ​မည်း​တော်​ထံ​၌ ကြား​နာ​ပြီး နည်း​ခံ​သော​သူ​တိုင်း​သည် ငါ့​ထံ​သို့​လာ​ကြ​၏။

46. ထို​သို့​ဆို​သော် တစ်​စုံ​တစ်​ယောက်​က ခ​မည်း​တော်​ကို​မြင်​ခဲ့​ပြီ​ဟု​မ​ဆို​လို။ ဘု​ရား​သ​ခင်​ထံ​မှ ကြွ​လာ​သော​သူ​တစ်​ဦး​တည်း​သာ​လျှင် ခ​မည်း​တော်​ကို​မြင်​ခဲ့​၏။

47. သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​၏။

48. ငါ​သည် အ​သက်​မုန့်​ဖြစ်​၏။

49. သင်​တို့​၏​ဘိုး​ဘေး​များ​သည် တော​ကန္တာ​ရ​၌ မန္န​ကို​စား​ခဲ့​ပြီး သေ​ဆုံး​သွား​ကြ​၏။

50. ဤ​မုန့်​ကား စား​သုံး​သော​သူ​သည် သေ​ခြင်း​နှင့်​ကင်း​လွတ်​မည့်​အ​ကြောင်း ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ဖြစ်​၏။

51. ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သည့် အ​သက်​ရှင်​သော​မုန့်​ဖြစ်​၏။ မည်​သူ​မ​ဆို ဤ​မုန့်​ကို​စား​လျှင် ကာ​လ​အ​စဉ်​အ​ဆက်​အ​သက်​ရှင်​မည်။ ငါ​ပေး​မည့်​မုန့်​ကား လော​ကီ​သား​တို့​၏​အ​သက်​အ​တွက် ငါ​စွန့်​သော​ငါ​၏​အ​သား​ပေ​တည်း”​ဟု မိန့်​တော်​မူ​၏။

52. ထို​အ​ခါ ဂျူး​လူ​မျိုး​တို့​က “ဤ​သူ​သည် သူ့​အ​သား​ကို ငါ​တို့​စား​ရန် မည်​သို့​ပေး​နိုင်​မည်​နည်း”​ဟု အ​ချင်း​ချင်း​ငြင်း​ခုံ​ပြော​ဆို​ကြ​၏။

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 6