22. နောက်တစ်နေ့၌ ပင်လယ်တစ်ဖက်ကမ်းတွင် နေရစ်သောလူထုပရိသတ်သည် ထိုအရပ်၌ လှေငယ်တစ်စင်းမှလွဲ၍ အခြားလှေမရှိခဲ့ကြောင်းကိုလည်းကောင်း၊ ထိုလှေ၌ ယေရှုသည် တပည့်တော်တို့နှင့်အတူမလိုက်မပါဘဲ တပည့်တော်တို့သာ ထွက်သွားခဲ့ကြောင်းကိုလည်းကောင်း သတိပြုမိကြ၏။
23. သို့သော် တိဗေရိမြို့မှ အခြားလှေငယ်များသည် သခင်ဘုရားကျေးဇူးတော်ချီးမွမ်း၍ လူများမုန့်ကိုစားခဲ့ရာအရပ်အနီးသို့ ရောက်လာကြသောအခါ
24. လူထုပရိသတ်သည် ထိုအရပ်၌ ယေရှုမှစ၍တပည့်တော်တို့ပါ မရှိကြောင်းကိုသိမြင်သဖြင့် ထိုလှေငယ်များပေါ်တက်ပြီးလျှင် ယေရှုကိုရှာရန် ကပေရနောင်မြို့သို့သွားကြ၏။
25. ပင်လယ်တစ်ဖက်ကမ်းတွင် ကိုယ်တော်ကိုတွေ့ကြသောအခါ သူတို့က “ရဗ္ဗိ၊ ဤအရပ်သို့ မည်သည့်အချိန်က ကြွရောက်တော်မူသနည်း”ဟု မေးလျှောက်ကြ၏။
26. ယေရှုကလည်း “သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့ငါ့ကိုရှာကြသည်မှာ နိမိတ်လက္ခဏာများကိုမြင်ရသောကြောင့်မဟုတ်။ မုန့်ကိုစား၍ဝသောကြောင့်သာဖြစ်၏။
27. ပျက်စီးတတ်သောအစားအစာအတွက်မဟုတ်ဘဲ လူ့သားသည် သင်တို့ကိုပေးမည့် ထာဝရအသက်တိုင်အောင်တည်မြဲသောအစားအစာအတွက် လုပ်ဆောင်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် ထိုလူ့သားကို တံဆိပ်ခတ်နှိပ်တော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။
28. သူတို့ကလည်း “ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်တို့သည် မည်သည့်အရာကို ပြုရပါမည်နည်း”ဟု မေးလျှောက်ကြ၏။
29. ယေရှုက “ဘုရားသခင်၏အမှုတော်မှာ ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းပင်ဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။
30. သူတို့ကလည်း “သို့ဖြစ်လျှင် အကျွန်ုပ်တို့မြင်၍ ကိုယ်တော်ကိုယုံကြည်နိုင်ရန် မည်သို့သောနိမိတ်လက္ခဏာကို ကိုယ်တော်ပြုတော်မူမည်နည်း။ မည်သည့်အမှုကို ဆောင်ရွက်ပေးတော်မူမည်နည်း။
31. ကျမ်းစာ၌ ‘ကောင်းကင်မှမုန့်ကို သူတို့စားရန်ပေးတော်မူ၏’ဟူ၍ ရေးထားသည့်အတိုင်း အကျွန်ုပ်တို့၏ဘိုးဘေးများသည် တောကန္တာရတွင် မန္နကိုစားကြရသည်”ဟု လျှောက်ကြ၏။
32. ယေရှုကလည်း “သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကောင်းကင်မှမုန့်ကို သင်တို့အား ပေးခဲ့သူမှာ မောရှေမဟုတ်။ ငါ့ခမည်းတော်ကသာ ကောင်းကင်မှစစ်မှန်သောမုန့်ကို သင်တို့အား ပေးတော်မူ၏။