2. များစွာသောလူထုပရိသတ်တို့သည်လည်း နာမကျန်းဖြစ်သူတို့အပေါ်၌ ပြုတော်မူသောနိမိတ်လက္ခဏာများကိုမြင်၍ နောက်တော်သို့လိုက်ကြ၏။
3. ယေရှုသည် တောင်ပေါ်သို့တက်သွား၍ ထိုအရပ်၌ တပည့်တော်တို့နှင့်အတူထိုင်တော်မူ၏။
4. ထိုအချိန်သည် ဂျူးလူမျိုးတို့၏ပွဲတော်တည်းဟူသော ပသခါပွဲတော်နီးကပ်သည့်အချိန်ဖြစ်၏။
5. ယေရှုသည် မျှော်ကြည့်၍ မိမိထံသို့ အလွန်များစွာသောလူထုပရိသတ်တို့လာနေကြသည်ကို မြင်တော်မူလျှင် ဖိလိပ္ပုအား “ဤသူတို့စားရန် မုန့်ကို အဘယ်ကဝယ်ကြမည်နည်း”ဟု မေးတော်မူ၏။
6. ဤသည်ကား ဖိလိပ္ပုကိုစမ်းသပ်လို၍ မေးတော်မူခြင်းသာဖြစ်ပြီး မိမိမည်သို့ပြုမည်ကို သိနှင့်ပြီဖြစ်၏။
7. ဖိလိပ္ပုကလည်း “သူတို့ကို တစ်ယောက်တစ်ဖဲ့စီပေးသည့်တိုင် ဒေနာရိနှစ်ရာဖိုးထိုက်သောမုန့်ရှိလျှင်လည်း လုံလောက်မည်မဟုတ်ပါ”ဟု ပြန်လျှောက်လေ၏။
8. တပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သူ ရှိမုန်ပေတရု၏ညီအန္ဒြေက
9. “ဤနေရာတွင် မုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော် ဤမျှလောက်များပြားသောသူတို့အတွက် ထိုမုန့်နှင့်ငါးတို့သည် မည်သို့အကျိုးထူးမည်နည်း”ဟု လျှောက်လေ၏။
10. ယေရှုက “လူတို့ကိုထိုင်စေကြလော့”ဟု မိန့်တော်မူ၏။ (ထိုနေရာ၌ မြက်ပင်ထူထပ်လျက်ရှိ၏။) သို့ဖြစ်၍ အရေအတွက်အားဖြင့် ငါးထောင်ခန့်ရှိသောယောက်ျားတို့သည် ထိုင်ကြ၏။
11. ထိုအခါ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ ထိုင်နေသောသူတို့အား ခွဲဝေပေးတော်မူ၏။ ထိုနည်းတူ ငါးကိုလည်း သူတို့အလိုရှိသလောက် ခွဲဝေပေးတော်မူ၏။
12. ထိုသူတို့သည် ဝလင်စွာစားကြပြီးသောအခါ ယေရှုက တပည့်တော်တို့အား “တစ်စုံတစ်ခုမျှ အလဟဿမဖြစ်စေရန် ကြွင်းကျန်သောအကျိုးအပဲ့များကို ကောက်သိမ်းကြလော့”ဟု မိန့်တော်မူ၏။
13. တပည့်တော်တို့သည်လည်း ကောက်သိမ်းကြရာ လူတို့စားခဲ့သောမုယောမုန့်ငါးလုံးမှ ကြွင်းကျန်သည့်အကျိုးအပဲ့များကို တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ၏။
14. လူတို့သည် ယေရှုပြုတော်မူသော ထိုနိမိတ်လက္ခဏာကိုမြင်၍ “ဤသူသည် အမှန်ပင် ဤလောကသို့ကြွလာရမည့် ထိုပရောဖက်ဖြစ်သည်”ဟု ဆိုကြ၏။
15. လူတို့သည်လာ၍ မိမိကိုအတင်းခေါ်ဆောင်သွားပြီး မင်းမြှောက်ရန် ကြံရွယ်နေကြသည်ကို ယေရှုသိတော်မူသဖြင့် တစ်ဖန် တောင်ပေါ်သို့ တစ်ကိုယ်တည်းထွက်သွားတော်မူ၏။