25. ထိုအမျိုးသမီးကလည်း “ခရစ်တော်ဟုခေါ်ဝေါ်သော မေရှိယကြွလာတော်မူမည်ကို ကျွန်မသိပါ၏။ ထိုအရှင်ကြွလာတော်မူသောအခါ ကျွန်မတို့အား အလုံးစုံတို့ကိုဖော်ပြတော်မူလိမ့်မည်”ဟု လျှောက်လျှင်
26. ယေရှုက “သင်နှင့်စကားပြောနေသောငါသည် ထိုအရှင်ပင်ဖြစ်၏”ဟု မိန့်တော်မူ၏။
27. ထိုအချိန်တွင် တပည့်တော်တို့သည်ပြန်လာ၍ အမျိုးသမီးတစ်ဦးနှင့် ယေရှုစကားပြောလျက်နေတော်မူသည်ကို အံ့သြကြ၏။ သို့သော် ‘မည်သည့်အလိုရှိတော်မူသနည်း’ဟူ၍လည်းကောင်း၊ ‘အဘယ်ကြောင့် ထိုအမျိုးသမီးနှင့် စကားပြောလျက်နေတော်မူသနည်း’ဟူ၍လည်းကောင်း မည်သူမျှ မမေးလျှောက်ကြချေ။
28. ထိုအမျိုးသမီးသည်လည်း မိမိ၏ရေအိုးကိုထားခဲ့၍ မြို့ထဲသို့သွားပြီးလျှင်
29. “ကျွန်မပြုခဲ့သမျှသောအရာတို့ကို ကျွန်မအားထုတ်ဖော်ပြောဆိုသောသူကို လာကြည့်ကြပါ။ သူသည် ခရစ်တော်ဖြစ်လေမည်လော”ဟု လူတို့အားဆိုသဖြင့်
30. လူတို့သည် မြို့ထဲမှထွက်၍ ကိုယ်တော်ထံသို့လာကြ၏။
31. ထိုအချိန်အတောအတွင်း၌ တပည့်တော်တို့က “ရဗ္ဗိ၊ သုံးဆောင်တော်မူပါ”ဟု ကိုယ်တော်အားပန်ကြားကြ၏။
32. သို့သော် ကိုယ်တော်က “ငါ၌ သင်တို့မသိသောစားစရာရှိ၏”ဟု မိန့်တော်မူ၏။
33. ထို့ကြောင့် တပည့်တော်တို့က “တစ်စုံတစ်ယောက်သည် ကိုယ်တော်အား စားစရာကိုယူလာပေးပြီလော”ဟု အချင်းချင်းပြောဆိုကြ၏။
34. ယေရှုကလည်း “ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်ကို ဆောင်ရွက်၍ သူ၏အမှုတော်ကိုပြီးမြောက်စေခြင်းသည် ငါ၏အစားအစာဖြစ်၏။