2. (အမှန်အားဖြင့် ယေရှုကိုယ်တိုင်ဗတ္တိဇံပေးတော်မူသည်မဟုတ်ဘဲ တပည့်တော်တို့ကသာပေးခြင်းဖြစ်၏။)
3. ကိုယ်တော်သည် ယုဒနယ်မှထွက်ခွာ၍ ဂါလိလဲနယ်သို့ တစ်ဖန်ကြွတော်မူ၏။
4. ကိုယ်တော်သည် ရှမာရိနယ်ကိုဖြတ်သွားရသည်ဖြစ်၍
5. ယာကုပ်က မိမိ၏သားယောသပ်အား ပေးခဲ့သည့်မြေကွက်အနီးရှိ ရှုခါဟုခေါ်သော ရှမာရိနယ်မှ မြို့တစ်မြို့သို့ရောက်တော်မူ၏။
6. ထိုအရပ်၌ ယာကုပ်၏ရေတွင်းရှိလေရာ ယေရှုသည် ခရီးပန်းသဖြင့် ထိုရေတွင်းနားမှာထိုင်နေတော်မူ၏။ အချိန်ကား မွန်းတည့်ချိန်ခန့်ဖြစ်၏။
7. ရှမာရိအမျိုးသမီးတစ်ဦးသည် ရေခပ်ရန်ရောက်ရှိလာရာ ယေရှုက “ငါသောက်ဖို့ရေပေးပါ”ဟု ထိုအမျိုးသမီးအား မိန့်တော်မူ၏။
8. တပည့်တော်တို့ကား အစားအစာဝယ်ရန် မြို့ထဲသို့သွားနေခိုက်ဖြစ်၏။
9. ထိုရှမာရိအမျိုးသမီးကလည်း “သင်သည် ဂျူးလူမျိုးဖြစ်လျက်နှင့် ရှမာရိအမျိုးသမီးဖြစ်သောကျွန်မထံမှ သောက်ရေကို အဘယ်ကြောင့်တောင်းရသနည်း”ဟု ဆို၏။ [ထိုသို့ဆိုသည့်အကြောင်းမှာ ဂျူးလူမျိုးတို့သည် ရှမာရိနယ်သားတို့နှင့် ပေါင်းသင်းဆက်ဆံလေ့မရှိသောကြောင့်ဖြစ်၏။]
10. ယေရှုကလည်း “ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကိုလည်းကောင်း၊ ငါသောက်ဖို့ရေပေးပါဟု ပြောဆိုနေသူမှာ မည်သူဖြစ်သည်ကိုလည်းကောင်း သင်သိခဲ့လျှင် သင်ကသာ သူ့ကိုတောင်း၍ သူသည် သင့်အား အသက်ရေကိုပေးခဲ့လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
11. ထိုအမျိုးသမီးက “အရှင်၊ အရှင့်မှာရေခပ်စရာတစ်စုံတစ်ခုမျှမရှိ။ ဤရေတွင်းလည်းနက်သည်ဖြစ်၍ ထိုအသက်ရေကို အဘယ်ကရပါမည်နည်း။
12. အရှင်သည် ကျွန်မတို့၏အဖ ယာကုပ်ထက် ကြီးမြတ်ပါသလော။ ယာကုပ်သည် ဤရေတွင်းကို ကျွန်မတို့အားပေးခဲ့ပြီး သူကိုယ်တိုင်မှစ၍ သူ၏သားသမီးများနှင့် သူမွေးမြူသောတိရစ္ဆာန်များသည်လည်း ဤတွင်းရေကို သောက်ခဲ့ကြပါသည်”ဟု လျှောက်လေ၏။
13. ယေရှုကလည်း “ဤရေကိုသောက်သောသူတိုင်း နောက်တစ်ဖန်ရေငတ်ဦးမည်။