30. ထိုသို့ ဝိုင်ချဉ်ကိုခံယူပြီးသောအခါ ယေရှုသည် “အမှုပြီးပြီ”ဟု မိန့်တော်မူလျက် ဦးခေါင်းတော်ငိုက်စိုက်ကျကာ အသက်ကိုစွန့်တော်မူ၏။
31. ထိုနေ့သည် ပြင်ဆင်ရာနေ့ဖြစ်ပြီး နောက်တစ်နေ့သည် ကြီးမြတ်သောဥပုသ်နေ့ဖြစ်သောကြောင့် ဂျူးလူမျိုးတို့သည် ထိုဥပုသ်နေ့တွင် လက်ဝါးကပ်တိုင်ပေါ်မှာ အလောင်းများမရှိစေလိုသဖြင့် လက်ဝါးကပ်တိုင်ပေါ်၌ တင်ထားခြင်းခံရသောသူများ၏ခြေတို့ကိုချိုးပြီး အလောင်းများကိုယူသွားခွင့်ပေးရန် ပိလတ်မင်းထံ တောင်းဆိုကြ၏။
32. ထို့ကြောင့် စစ်သားတို့သည်လာ၍ ယေရှုနှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရသူ ပထမတစ်ဦး၏ခြေနှင့် နောက်တစ်ဦး၏ခြေတို့ကို ချိုးကြ၏။
33. သို့သော် ယေရှုထံသို့ရောက်၍ ကိုယ်တော်သေဆုံးပြီဖြစ်ကြောင်း တွေ့မြင်သောအခါ ခြေတော်ကိုမချိုးဘဲ
34. စစ်သားတစ်ဦးက နံဘေးတော်ကို လှံနှင့်ထိုးလေ၏။ ထိုအခါ သွေးနှင့်ရေသည် ချက်ချင်းထွက်လာ၏။
35. ဤအခြင်းအရာကိုမြင်သောသူသည် သက်သေခံခဲ့၍ သူ၏သက်သေခံချက်သည်မှန်ကန်၏။ သင်တို့သည်လည်း ယုံကြည်ကြရန် သူသည် မှန်ကန်စွာပြောဆိုနေကြောင်း သူကိုယ်တိုင်သိ၏။
36. ဤသို့ဖြစ်ပျက်ခဲ့သည်မှာ “သူ၏အရိုးတစ်ချောင်းမျှ ချိုးဖဲ့ခြင်းမခံရ”ဟူသောကျမ်းချက်ကို ပြည့်စုံစေရန်ဖြစ်၏။
37. တစ်ဖန် အခြားသောကျမ်းချက်၌ “သူတို့သည် မိမိတို့ထိုးဖောက်သောသူကို ရှုမြင်ရကြလိမ့်မည်”ဟု ဆိုထား၏။
38. ထိုသို့ဖြစ်ပြီးသည့်နောက် ဂျူးလူမျိုးတို့ကိုကြောက်သောကြောင့် လျှို့ဝှက်စွာ ယေရှု၏တပည့်တော်ဖြစ်နေသော အရိမသဲမြို့သား ယောသပ်ဆိုသူသည် ယေရှု၏အလောင်းတော်ကို ယူသွားခွင့်ပြုရန် ပိလတ်မင်းအား တောင်းဆိုလေ၏။ ပိလတ်မင်းသည်လည်း ခွင့်ပြုလိုက်သဖြင့် သူသည်လာ၍ အလောင်းတော်ကို ယူသွားလေ၏။
39. ယခင်က ယေရှုထံသို့ ညအချိန်လာဖူးသော နိကောဒင်သည်လည်း မုရန်နှင့်အကျော်ရောနှောထားသောနံ့သာ ပိဿာနှစ်ဆယ်ခန့်ကို ယူဆောင်၍လာလေ၏။
40. ထိုသူတို့သည် ယေရှု၏အလောင်းတော်ကိုယူ၍ ဂျူးလူမျိုးတို့၏သင်္ဂြိုဟ်ခြင်းဆိုင်ရာ ဓလေ့ထုံးစံအတိုင်း အလောင်းတော်ကို အမွှေးနံ့သာနှင့်အတူ ပိတ်ထည်များဖြင့်ပတ်စည်းကြ၏။
41. လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံတော်မူသောအရပ်တွင် ဥယျာဉ်တစ်ခုရှိ၍ ထိုဥယျာဉ်၌ မည်သူ့ကိုမျှ မသင်္ဂြိုဟ်ဖူးသေးသော သင်္ချိုင်းဂူသစ်တစ်ခုရှိ၏။
42. ထိုနေ့သည် ဂျူးလူမျိုးတို့၏ပြင်ဆင်ရာနေ့ဖြစ်ပြီး ထိုသင်္ချိုင်းဂူသည်လည်း အနီးတွင်ရှိသောကြောင့် ယေရှုကို ထိုဂူ၌သင်္ဂြိုဟ်ကြ၏။