14. ထိုကယာဖသည် “လူတစ်ဦးက လူထုကိုယ်စားအသေခံခြင်းသည် ပို၍ကောင်း၏”ဟု ဂျူးလူမျိုးတို့အား အကြံပေးခဲ့သူဖြစ်၏။
15. ရှိမုန်ပေတရုနှင့် အခြားတပည့်တော်တစ်ပါးသည် ယေရှုနောက်တော်သို့ လိုက်သွားကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏အသိဖြစ်၍ ယေရှုနှင့်အတူ ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းထဲသို့ ဝင်လေ၏။
16. ပေတရုမူကား ခြံတံခါးအပြင်ဘက်၌ ရပ်နေ၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်မင်း၏အသိဖြစ်သော ထိုတပည့်တော်သည်ထွက်လာ၍ တံခါးစောင့်မိန်းမအားပြောပြီးလျှင် ပေတရုကို အထဲသို့ခေါ်သွားလေ၏။
17. ထိုအခါ တံခါးစောင့်ဖြစ်သော ထိုအစေခံမိန်းမက ပေတရုအား “သင်သည်လည်း ထိုသူ၏တပည့်တစ်ဦးဖြစ်သည်မဟုတ်လော”ဟု ဆိုလျှင် ပေတရုက “မဟုတ်ပါ”ဟု ဆိုလေ၏။
18. ထိုကာလသည်ချမ်းအေးသောကြောင့် အစေအပါးများနှင့် အစောင့်တပ်သားတို့သည် မီးခဲဖိုပြီး ရပ်လျက်မီးလှုံနေကြ၏။ ပေတရုသည်လည်း သူတို့နှင့်အတူရပ်၍ မီးလှုံနေ၏။
19. ထိုစဉ်တွင် ယဇ်ပုရောဟိတ်မင်းသည် ယေရှုအား တပည့်တော်တို့နှင့်ပတ်သက်၍လည်းကောင်း၊ သူ၏သွန်သင်ချက်နှင့်ပတ်သက်၍လည်းကောင်း မေးမြန်း၏။
20. ယေရှုကလည်း “ငါသည် လောက၌ ထင်ရှားစွာဟောပြောခဲ့၏။ ဂျူးလူမျိုးအပေါင်းတို့စုဝေးရာ ဝတ်ပြုစည်းဝေးကျောင်းနှင့် ဗိမာန်တော်၌ အစဉ်အမြဲသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပေ။