10. ထိုစဉ်တွင် ရှိမုန်ပေတရုသည် ပါလာသောဓားကိုဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ယာဘက်နားရွက်ပြတ်သွားလေ၏။ ထိုအစေအပါး၏အမည်ကား မာလခုဖြစ်၏။
11. ယေရှုကလည်း “ဓားကို ဓားအိမ်ထဲသို့ပြန်သွင်းလော့။ ငါ့အား ခမည်းတော်ပေးတော်မူသောခွက်ကို ငါမသောက်ဘဲနေရမည်လော”ဟု ပေတရုအား မိန့်တော်မူ၏။
12. ထိုအခါ တပ်ဖွဲ့တစ်ဖွဲ့၊ တပ်မှူးကြီးနှင့် ဂျူးလူမျိုးအစောင့်တပ်သားတို့သည် ယေရှုကိုဖမ်းဆီး၍ ချည်နှောင်ကြကာ
13. အန္နတ်ထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။ အကြောင်းမူကား အန္နတ်သည် ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမဖြစ်၏။
14. ထိုကယာဖသည် “လူတစ်ဦးက လူထုကိုယ်စားအသေခံခြင်းသည် ပို၍ကောင်း၏”ဟု ဂျူးလူမျိုးတို့အား အကြံပေးခဲ့သူဖြစ်၏။
15. ရှိမုန်ပေတရုနှင့် အခြားတပည့်တော်တစ်ပါးသည် ယေရှုနောက်တော်သို့ လိုက်သွားကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏အသိဖြစ်၍ ယေရှုနှင့်အတူ ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းထဲသို့ ဝင်လေ၏။
16. ပေတရုမူကား ခြံတံခါးအပြင်ဘက်၌ ရပ်နေ၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်မင်း၏အသိဖြစ်သော ထိုတပည့်တော်သည်ထွက်လာ၍ တံခါးစောင့်မိန်းမအားပြောပြီးလျှင် ပေတရုကို အထဲသို့ခေါ်သွားလေ၏။