20. ‘ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်’ဟု သင်တို့အား ငါပြောခဲ့သည့်စကားကို သတိရကြလော့။ လူတို့သည် ငါ့ကိုညှဉ်းဆဲခဲ့လျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုလိုက်နာစောင့်ထိန်းခဲ့လျှင် သင်တို့၏စကားကိုလည်း လိုက်နာစောင့်ထိန်းကြလိမ့်မည်။
21. သို့ရာတွင် သူတို့သည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို မသိကြသဖြင့် ငါ၏နာမကြောင့် သင်တို့အပေါ် ထိုအမှုအရာအားလုံးတို့ကို ပြုကြလိမ့်မည်။
22. ငါသည်လာ၍ သူတို့အား မဟောပြောခဲ့လျှင် သူတို့၌အပြစ်မရှိ။ သို့သော် ယခုအခါ သူတို့သည် မိမိတို့၏အပြစ်အတွက် ဆင်ခြေပေး၍မရနိုင်ကြ။
23. ငါ့ကိုမုန်းသောသူသည် ငါ့ခမည်းတော်ကိုလည်းမုန်း၏။
24. အခြားမည်သူမျှ မပြုဖူးသောအမှုများကို သူတို့ရှေ့၌ ငါမပြုခဲ့လျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား သူတို့သည် ထိုအမှုတို့ကိုမြင်ရလျက်နှင့်ပင် ငါနှင့်ငါ့ခမည်းတော်ကို မုန်းကြ၏။
25. ဤသို့ဖြစ်ခြင်းမှာ သူတို့၏ပညတ်တရားကျမ်း၌ ‘ထိုသူတို့သည် အကြောင်းမဲ့ ငါ့ကိုမုန်းကြ၏’ဟု ရေးထားသောစကား ပြည့်စုံစေရန်ဖြစ်၏။