15. ငါသည် သင်တို့ကို ကျွန်ဟူ၍ခေါ်တော့မည်မဟုတ်။ အကြောင်းမူကား ကျွန်သည် မိမိသခင်ပြုနေသောအရာကိုမသိ။ ငါ့ခမည်းတော်ထံမှ ကြားနာခဲ့သောအရာအားလုံးကို သင်တို့အား ငါသိစေခဲ့ပြီဖြစ်သောကြောင့် သင်တို့ကို မိတ်ဆွေဟူ၍ ငါခေါ်၏။
16. သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသာလျှင် သင်တို့ကိုရွေးကောက်သဖြင့် သင်တို့သည်သွားလျက် အသီးကိုသီး၍ သင်တို့၏အသီးတည်မြဲမည့်အကြောင်းနှင့် ငါ့နာမ၌ ခမည်းတော်အား တောင်းလျှောက်သမျှတို့ကို သင်တို့အား ခမည်းတော်ပေးတော်မူမည့်အကြောင်း သင်တို့ကို ငါခန့်ထား၏။
17. သင်တို့အချင်းချင်းချစ်ကြလော့ဟူသော ဤပညတ်ကို သင်တို့အား ငါပေး၏။
18. လောကီသားတို့သည် သင်တို့ကိုမုန်းလျှင် သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။
19. သင်တို့သည် ဤလောကနှင့်ဆိုင်ခဲ့လျှင် လောကီသားတို့သည် မိမိတို့နှင့်ဆိုင်သောသင်တို့ကို ချစ်ခဲ့ကြပေလိမ့်မည်။ သို့သော် သင်တို့သည် ဤလောကနှင့်မဆိုင်။ ငါသည် သင်တို့ကို ဤလောကမှ ရွေးကောက်ခဲ့ပြီဖြစ်သောကြောင့် လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။
20. ‘ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်’ဟု သင်တို့အား ငါပြောခဲ့သည့်စကားကို သတိရကြလော့။ လူတို့သည် ငါ့ကိုညှဉ်းဆဲခဲ့လျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုလိုက်နာစောင့်ထိန်းခဲ့လျှင် သင်တို့၏စကားကိုလည်း လိုက်နာစောင့်ထိန်းကြလိမ့်မည်။
21. သို့ရာတွင် သူတို့သည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို မသိကြသဖြင့် ငါ၏နာမကြောင့် သင်တို့အပေါ် ထိုအမှုအရာအားလုံးတို့ကို ပြုကြလိမ့်မည်။
22. ငါသည်လာ၍ သူတို့အား မဟောပြောခဲ့လျှင် သူတို့၌အပြစ်မရှိ။ သို့သော် ယခုအခါ သူတို့သည် မိမိတို့၏အပြစ်အတွက် ဆင်ခြေပေး၍မရနိုင်ကြ။
23. ငါ့ကိုမုန်းသောသူသည် ငါ့ခမည်းတော်ကိုလည်းမုန်း၏။