1. သင်တို့စိတ်ပူပန်ခြင်းမရှိကြနှင့်။ ဘုရားသခင်ကိုယုံကြည်ကြလော့။ ငါ့ကိုလည်းယုံကြည်ကြလော့။
2. ငါ့ခမည်းတော်၏အိမ်တော်၌ နေစရာများစွာရှိ၏။ မရှိပါက မရှိကြောင်း သင်တို့အား ငါပြောခဲ့ပေလိမ့်မည်။ သင်တို့အတွက် နေရာပြင်ဆင်ရန် ငါသွားမည်။
3. ထိုသို့သွား၍ သင်တို့အတွက်နေရာပြင်ဆင်ပြီးလျှင် ငါရှိရာအရပ်၌ သင်တို့လည်းရှိစေရန် တစ်ဖန်ပြန်လာ၍ သင်တို့ကို ငါ့ထံသို့ ခေါ်ယူသိမ်းဆည်းမည်။
4. ငါသွားရာအရပ်သို့ရောက်သောလမ်းကို သင်တို့သိကြ၏”ဟု မိန့်တော်မူ၏။
5. သောမက “သခင်ဘုရား၊ ကိုယ်တော်သည် မည်သည့်အရပ်သို့ ကြွတော်မူမည်ကို အကျွန်ုပ်တို့မသိသည်ဖြစ်၍ ထိုလမ်းကို မည်သို့သိနိုင်ပါမည်နည်း”ဟု လျှောက်လျှင်
6. ယေရှုက “ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ။
7. သင်တို့သည် ငါ့ကိုသိခဲ့လျှင် ငါ့ခမည်းတော်ကိုလည်း သိခဲ့ကြပေလိမ့်မည်။ ယခုမှစ၍ သင်တို့သည် ခမည်းတော်ကိုသိလျက် မြင်ကြရလေပြီ”ဟု မိန့်တော်မူ၏။
8. ဖိလိပ္ပုက “သခင်ဘုရား၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့အတွက် လုံလောက်ပါပြီ”ဟု လျှောက်လေ၏။
9. ယေရှုက “ဖိလိပ္ပု၊ ငါသည် သင်တို့နှင့်အတူ ဤမျှလောက်ကြာမြင့်စွာရှိလျက်နှင့်ပင် သင်သည် ငါ့ကိုမသိခဲ့သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်လေပြီ။ သို့ဖြစ်လျှင် ‘ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ’ဟု သင်မည်သို့ဆိုနိုင်သနည်း။
10. ငါသည် ခမည်းတော်၌ရှိ၍ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို သင်မယုံသလော။ သင်တို့အား ငါပြောဆိုသောစကားတို့ကို ငါ့ဆန္ဒအလျောက်ငါပြောဆိုသည်မဟုတ်။ ငါ၌တည်နေတော်မူသောခမည်းတော်သည် သူ၏အမှုတော်များကိုပြုတော်မူခြင်းသာဖြစ်၏။