11. ကိုယ်တော်သည် မိမိကို မည်သူအပ်နှံမည်ကိုသိတော်မူသောကြောင့် “သင်တို့အားလုံးစင်ကြယ်သည်မဟုတ်”ဟု မိန့်တော်မူခြင်းဖြစ်၏။
12. ထိုသို့ သူတို့၏ခြေကိုဆေးပြီးသောအခါ ကိုယ်တော်သည် ဝတ်ရုံတော်ကိုပြန်ဝတ်၍ တစ်ဖန်ထိုင်တော်မူပြီးလျှင် တပည့်တော်တို့အားမြွက်ဆိုတော်မူသည်မှာ “သင်တို့၌ ငါပြုခဲ့သောအရာကို နားလည်ကြသလော။
13. သင်တို့သည် ငါ့ကို ဆရာဟူ၍လည်းကောင်း၊ သခင်ဘုရားဟူ၍လည်းကောင်း ခေါ်ကြ၏။ ငါသည် ထိုအတိုင်းဖြစ်သောကြောင့် သင်တို့ ထိုသို့ခေါ်ကြသည်မှာ လျောက်ပတ်ပေ၏။
14. ထို့ကြောင့် သခင်ဘုရားဖြစ်လျက် ဆရာလည်းဖြစ်သောငါသည် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည်လည်း အချင်းချင်းတို့၏ခြေကိုဆေးရကြမည်။
15. သင်တို့၌ ငါပြုသကဲ့သို့ သင်တို့သည်လည်းပြုကြရန် စံနမူနာကို ငါပြခဲ့၏။
16. သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကျွန်သည် သူ့သခင်ထက် ကြီးမြတ်သည်မဟုတ်။ စေတမန်သည်လည်း သူ့ကိုစေလွှတ်သောသူထက် ကြီးမြတ်သည်မဟုတ်။
17. ဤအရာများကို သင်တို့သိမှတ်၍ ထိုအတိုင်းကျင့်သုံးလျှင် သင်တို့သည် မင်္ဂလာရှိကြ၏။
18. သင်တို့အားလုံးကို ငါရည်ညွှန်းပြောဆိုသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ သို့သော် ‘ငါ့မုန့်ကိုစားသောသူသည် ငါ့ကို ဖနောင့်နှင့်ပေါက်လေ၏’ဟူသောကျမ်းချက်သည် ပြည့်စုံရမည်။
19. ထိုအခြင်းအရာဖြစ်ပျက်လာသောအခါ ငါသည် ထိုအရှင်ဖြစ်ကြောင်း သင်တို့ယုံကြည်ကြရန် ထိုအခြင်းအရာမဖြစ်ပျက်မီ ယခုကပင် သင်တို့အား ငါပြောနှင့်ပြီ။
20. သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါစေလွှတ်သောသူကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံ၏”ဟု မိန့်တော်မူ၏။
21. ယေရှုသည် ဤအကြောင်းအရာများကို မိန့်တော်မူပြီးသောအခါ စိတ်တော်ပူပန်လျက် “သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကိုအပ်နှံလိမ့်မည်”ဟု သက်သေခံလျက် မိန့်တော်မူ၏။
22. တပည့်တော်တို့သည် မည်သူ့ကိုရည်ညွှန်း၍ မိန့်တော်မူသည်ကို တွေးမရဖြစ်သဖြင့် တစ်ဦးကိုတစ်ဦးကြည့်နေကြ၏။
23. တပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သည့် ယေရှုချစ်တော်မူသောသူသည် ကိုယ်တော်၏ရင်ခွင်တော်နားမှာ ထိုင်လျက်နေသဖြင့်
24. မည်သူ့ကိုရည်ညွှန်း၍ မိန့်တော်မူသည်ကိုမေးရန် ရှိမုန်ပေတရုက ထိုတပည့်တော်အား အချက်ပြလေ၏။
25. သို့ဖြစ်၍ ထိုတပည့်တော်သည် သူ့နေရာမှ ယေရှု၏ရင်ခွင်တော်သို့ ချဉ်းကပ်လျက် “သခင်ဘုရား၊ ထိုသူသည် မည်သူနည်း”ဟု မေးလျှောက်လေ၏။
26. ယေရှုကလည်း “ထိုသူကား မုန့်တစ်ဖဲ့ကိုငါနှစ်၍ ပေးသောသူဖြစ်၏”ဟု ပြန်၍မိန့်တော်မူပြီးလျှင် မုန့်တစ်ဖဲ့ကိုနှစ်ပြီးမှ ၎င်းကိုယူ၍ ရှိမုန်၏သား ယုဒဣရှကာရုတ်အား ပေးတော်မူ၏။
27. ထိုမုန့်တစ်ဖဲ့ကိုခံယူပြီးသောအခါ စာတန်သည် သူ့အထဲသို့ဝင်လေ၏။ ထို့ကြောင့် ယေရှုသည် ယုဒအား “သင်ပြုနေသည့်အမှုကို အမြန်ပြုလော့”ဟု မိန့်တော်မူ၏။
28. သို့သော် ကိုယ်တော်သည် ယုဒအား အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ၌ထိုင်နေသောသူတို့တွင် မည်သူမျှမသိကြပေ။
29. အချို့တို့က ယုဒသည် ငွေအိတ်ကိုကိုင်ရသည်ဖြစ်၍ ယေရှုက သူ့အား “ပွဲတော်အတွက်လိုအပ်သောအရာများကို ဝယ်ယူလော့”ဟူ၍ သို့မဟုတ် “ဆင်းရဲသားတို့အား တစ်စုံတစ်ခုပေးသင့်သည်”ဟူ၍ မိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။