1. ပသခါပွဲတော်မတိုင်မီ၌ ယေရှုသည် ဤလောကမှထွက်ခွာပြီး ခမည်းတော်ထံသို့သွားရမည့် မိမိအချိန်ရောက်လာသည်ကို သိတော်မူ၍ ဤလောက၌ရှိသော မိမိလူတို့ကိုချစ်တော်မူလျက် အဆုံးတိုင်အောင်ချစ်တော်မူ၏။
2. ညစာကိုစားကြစဉ် မာရ်နတ်သည် ရှိမုန်၏သား ယုဒဣရှကာရုတ်၏စိတ်နှလုံးထဲ၌ ကိုယ်တော်ကိုအပ်နှံရန် အကြံသွင်းပေးနှင့်ပြီဖြစ်၏။
3. ယေရှုသည် အရာခပ်သိမ်းတို့ကို မိမိလက်သို့ ခမည်းတော်ပေးအပ်တော်မူသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှကြွလာပြီး ဘုရားသခင်ထံသို့ပြန်သွားတော့မည်ကိုလည်းကောင်း သိတော်မူသဖြင့်
4. ညစာစားပွဲမှထ၍ ဝတ်ရုံတော်ကိုချွတ်ပြီးလျှင် ပဝါကိုယူလျက် မိမိခါး၌စည်းတော်မူ၏။
5. ထို့နောက် ဇလုံ၌ရေထည့်၍ တပည့်တော်တို့၏ခြေကိုဆေးပြီးမှ ခါး၌စည်းထားသောပဝါဖြင့် သုတ်တော်မူ၏။
6. ဤသို့ဖြင့် ရှိမုန်ပေတရုထံရောက်တော်မူသောအခါ ပေတရုက “သခင်ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ခြေကို ဆေးတော်မူမည်လော”ဟု လျှောက်လေ၏။
7. ယေရှုကလည်း “သင်သည် ငါပြုနေသောအရာကို ယခုနားမလည်သော်လည်း နောင်အခါသဘောပေါက်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူလျှင်
8. ပေတရုက “အကျွန်ုပ်၏ခြေကို လုံးဝဆေးတော်မမူပါနှင့်”ဟု လျှောက်လေ၏။ ယေရှုကလည်း “သင့်ကိုငါမဆေးရလျှင် သင်သည် ငါနှင့် မည်သည့်ပတ်သက်မှုမျှမရှိ”ဟု ပြန်၍မိန့်တော်မူ၏။
9. ထိုအခါ ရှိမုန်ပေတရုက “သခင်ဘုရား၊ အကျွန်ုပ်၏ခြေကိုသာမဟုတ်ဘဲ လက်နှင့်ဦးခေါင်းတို့ကိုပါ ဆေးတော်မူပါ”ဟု လျှောက်လေ၏။
10. ယေရှုကလည်း “ရေချိုးပြီးသောသူသည် တစ်ကိုယ်လုံးစင်ကြယ်သည်ဖြစ်၍ ခြေမှလွဲ၍ ဆေးရန်မလို။ သင်တို့သည် စင်ကြယ်ကြ၏။ သို့သော် သင်တို့အားလုံးမဟုတ်”ဟု မိန့်တော်မူ၏။
11. ကိုယ်တော်သည် မိမိကို မည်သူအပ်နှံမည်ကိုသိတော်မူသောကြောင့် “သင်တို့အားလုံးစင်ကြယ်သည်မဟုတ်”ဟု မိန့်တော်မူခြင်းဖြစ်၏။