48. ထိုသူကို ဤအတိုင်းလွှတ်ထားလျှင် လူအားလုံးတို့သည် သူ့ကိုယုံကြည်ကြလိမ့်မည်။ ထိုအခါ ရောမလူမျိုးတို့သည်လာ၍ ငါတို့၏အရပ်ဌာနနှင့်တကွ ငါတို့၏လူမျိုးကိုပါ သိမ်းယူကြလိမ့်မည်”ဟု ပြောဆိုကြ၏။
49. သို့ရာတွင် သူတို့ထဲမှတစ်ဦးဖြစ်ပြီး ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖက “သင်တို့သည် မည်သည့်အရာကိုမျှမသိကြ။
50. တစ်မျိုးသားလုံးပျက်စီးသည်ထက် လူတစ်ဦးက လူထုကိုယ်စား အသေခံခြင်းသည် သင်တို့အတွက် ပို၍ကောင်းသည်ကိုလည်း သင်တို့မဆင်ခြင်ကြပါတကား”ဟု ဆို၏။
51. သို့သော် ဤစကားကို မိမိဆန္ဒအလျောက် သူပြောဆိုသည်မဟုတ်။ သူသည် ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သည်နှင့်အညီ ယေရှုသည် ထိုလူမျိုးအတွက် အသေခံတော်မူမည်ဖြစ်ကြောင်းနှင့်
52. ထိုလူမျိုးအတွက်သာမက ကွဲလွင့်နေသော ဘုရားသခင်၏သားသမီးများကို တစ်စုတစ်ဝေးတည်းဖြစ်စေရန်အတွက်ပါ အသေခံတော်မူမည်ဖြစ်ကြောင်း ပရောဖက်ပြုဟောပြောခြင်းဖြစ်၏။
53. ထို့ကြောင့် သူတို့သည် ထိုနေ့မှစ၍ ကိုယ်တော်ကိုသတ်ရန် တိုင်ပင်ကြံစည်ကြ၏။
54. သို့ဖြစ်၍ ယေရှုသည် ဂျူးလူမျိုးတို့ထဲတွင် ထင်ရှားစွာမသွားလာတော့ဘဲ ထိုအရပ်မှထွက်ခွာ၍ တောကန္တာရနှင့်နီးသောအရပ်ဒေသ၌ရှိသည့် ဧဖရိမ်ဟုခေါ်သောမြို့သို့ကြွပြီးလျှင် တပည့်တော်တို့နှင့်အတူ ထိုမြို့၌နေတော်မူ၏။