33. ယေရှုသည် မာရိငိုကြွေးနေသည်ကိုလည်းကောင်း၊ လိုက်လာသောဂျူးလူမျိုးတို့သည်လည်း ငိုကြွေးနေကြသည်ကိုလည်းကောင်း မြင်တော်မူလျှင် စိတ်တော်ထဲတွင်ညည်းတွားလျက် ရင်တွင်း၌မငြိမ်မသက်ဖြစ်ကာ
34. “သူ့ကိုအဘယ်မှာသင်္ဂြိုဟ်ကြသနည်း”ဟု မေးတော်မူ၏။ သူတို့ကလည်း “သခင်ဘုရား၊ ကြွ၍ကြည့်ရှုတော်မူပါ”ဟု လျှောက်ကြ၏။
35. ယေရှုသည် မျက်ရည်ကျတော်မူ၏။
36. ထိုအခါ ဂျူးလူမျိုးတို့က “ကြည့်ပါ။ လာဇရုကို အလွန်ချစ်ခင်ပါသည်တကား”ဟု ဆိုကြ၏။
37. သို့သော် သူတို့ထဲမှအချို့တို့က “မျက်မမြင်ကိုမျက်စိမြင်စေခဲ့သော ဤသူသည် လာဇရုကိုလည်းမသေစေရန် မတတ်နိုင်သလော”ဟု ဆိုကြ၏။
38. ထို့နောက် ယေရှုသည် နောက်တစ်ဖန် ရင်တွင်း၌ ညည်းတွားလျက် သင်္ချိုင်းဂူသို့ကြွတော်မူ၏။ ထိုသင်္ချိုင်းဂူသည် ကျောက်လိုဏ်ဂူဖြစ်ပြီး အဝင်ဝကို ကျောက်တုံးဖြင့်ပိတ်ထား၏။
39. ယေရှုက “ကျောက်တုံးကိုဖယ်ရှားကြလော့”ဟု မိန့်တော်မူ၏။ သေဆုံးသောသူ၏အစ်မ မာသက “သခင်ဘုရား၊ လေးရက်ပင်ရှိပြီဖြစ်၍ ယခုဆိုလျှင် အနံ့ထွက်နေပါလိမ့်မည်”ဟု လျှောက်လေ၏။
40. ယေရှုကလည်း “သင်ယုံကြည်လျှင် ဘုရားသခင်၏ဘုန်းတော်ကိုမြင်ရလိမ့်မည်ဟူ၍ သင့်အား ငါပြောခဲ့ပြီမဟုတ်လော”ဟု မိန့်တော်မူ၏။
41. ထို့ကြောင့် လူတို့သည် ကျောက်တုံးကိုဖယ်ရှားကြ၏။ ထိုအခါ ယေရှုသည် အထက်သို့မော်ကြည့်လျက် “အို အဖ၊ အကျွန်ုပ်တောင်းလျှောက်သည်ကို နားညောင်းတော်မူပြီဖြစ်သောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။