27. ငါ့သိုးတို့သည် ငါ့အသံကိုနားထောင်ကြ၏။ ငါသည်လည်း သူတို့ကိုသိ၍ သူတို့သည် ငါ့နောက်သို့လိုက်ကြ၏။
28. ငါသည် သူတို့အား ထာဝရအသက်ကိုပေး၍ သူတို့သည် ကာလအစဉ်အဆက် မည်သည့်အခါမျှ မပျက်စီးရ။ မည်သူမျှ သူတို့ကို ငါ့လက်ထဲမှလုယူ၍မရနိုင်။
29. သူတို့ကို ငါ့အားပေးအပ်တော်မူသောငါ့ခမည်းတော်သည် အလုံးစုံတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍ မည်သူမျှ သူတို့ကို ခမည်းတော်၏လက်ထဲမှမလုယူနိုင်။
30. ငါနှင့်ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။
31. ဂျူးလူမျိုးတို့သည် ကိုယ်တော်ကို ခဲနှင့်ပေါက်သတ်ရန် ကျောက်ခဲတို့ကိုကောက်ယူကြပြန်၏။
32. ယေရှုကလည်း “ငါသည် ခမည်းတော်ထံမှ ကောင်းသောအမှုများစွာတို့ကို သင်တို့အားပြသခဲ့၏။ ၎င်းတို့ထဲမှ မည်သည့်အမှုကြောင့် ငါ့ကိုခဲနှင့်ပေါက်သတ်ကြမည်နည်း”ဟု သူတို့အားမေးတော်မူလျှင်
33. ဂျူးလူမျိုးတို့က “ကောင်းသောအမှုကြောင့် သင့်ကိုခဲနှင့်ပေါက်သတ်ကြမည်မဟုတ်။ သင်သည် လူဖြစ်လျက်နှင့်ပင် သင့်ကိုယ်သင် ဘုရားအယောင်ဆောင်၍ ဘုရားသခင်ကိုစော်ကားသောကြောင့်ဖြစ်၏”ဟု ပြန်ပြောကြ၏။
34. ယေရှုက “သင်တို့၏ပညတ်တရားကျမ်းတွင် ‘ငါဆိုသည်ကား သင်တို့သည် ဘုရားများဖြစ်ကြ၏’ဟူ၍ ရေးထားသည်မဟုတ်လော။
35. ဘုရားသခင်၏နှုတ်ကပတ်တော်ကိုရရှိသောသူတို့အား ‘ဘုရားများ’ဟု ခေါ်လျှင် ကျမ်းစာသည် မပျက်ပြယ်နိုင်သည်ဖြစ်၍
36. ခမည်းတော်သည်သန့်ရှင်းစေလျက် ဤလောကသို့စေလွှတ်တော်မူသောသူက ‘ငါသည် ဘုရားသခင်၏သားတော်ဖြစ်သည်’ဟု ဆိုသောအခါ ‘ဘုရားသခင်ကိုစော်ကားသည်’ဟု ထိုသူအား သင်တို့ဆိုကြသလော။
37. ငါသည် ငါ့ခမည်းတော်၏အမှုတော်များကို မဆောင်ရွက်လျှင် ငါ့ကိုမယုံကြည်ကြနှင့်။
38. သို့သော် ငါဆောင်ရွက်လျှင် ငါ့ကိုမယုံကြည်သော်လည်း ထိုအမှုတော်များကို ယုံကြည်ကြလော့။ ထိုသို့ယုံကြည်ပါက ခမည်းတော်သည် ငါ၌ရှိတော်မူလျက် ငါသည် ခမည်းတော်၌ရှိကြောင်းကို သင်တို့သိရှိ၍နားလည်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
39. ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုဖမ်းဆီးရန် ကြိုးစားကြပြန်၏။ သို့ရာတွင် ကိုယ်တော်သည် သူတို့၏လက်မှလွတ်မြောက်၍ ကြွသွားတော်မူ၏။