ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 5:1-12 Myanmar Standard Bible (MSB)

1. ချမ်း​သာ​သော​သူ​တို့၊ ယ​ခု​နား​ထောင်​ကြ​လော့။ သင်​တို့​အ​ပေါ်​သက်​ရောက်​လာ​မည့် ဒုက္ခ​ဆင်း​ရဲ​ခြင်း​များ​အ​တွက် အော်​ဟစ်​ငို​ကြွေး​ကြ​လော့။

2. သင်​တို့​၏​စည်း​စိမ်​သည် ဆွေး​မြည့်​၍ သင်​တို့​၏​အ​ဝတ်​များ​ကို ပိုး​ကိုက်​စား​လေ​ပြီ။

3. သင်​တို့​၏​ရွှေ​ငွေ​များ​သည် အ​ချေး​တက်​လျက်​ရှိ​ပြီ။ ထို​အ​ချေး​သည်​လည်း သင်​တို့​တစ်​ဖက်​၌ သက်​သေ​ဖြစ်​၍ သင်​တို့​အ​သား​ကို မီး​ကဲ့​သို့ လှိုက်​စား​လိမ့်​မည်။ သင်​တို့​သည် နောက်​ဆုံး​သော​နေ့​ရက်​ကာ​လ​၌ ဥစ္စာ​များ​ကို​သို​မှီး​ထား​ကြ​သည်​တ​ကား။

4. ကြည့်​ကြ​လော့။ သင်​တို့​လယ်​ကွင်း​၌​ရိတ်​သိမ်း​ပေး​သည့် အ​လုပ်​သ​မား​တို့​ကို သင်​တို့​လိမ်​ညာ​၍​မ​ပေး​ဘဲ​နေ​သော လုပ်​အား​ခ​များ​သည် အော်​ဟစ်​နေ​ကြ​၏။ ရိတ်​သိမ်း​သော​သူ​တို့​၏​အော်​ဟစ်​သံ​များ​သည်​လည်း ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နား​တော်​သို့ ရောက်​လေ​ပြီ။

5. သင်​တို့​သည် မြေ​ကြီး​ပေါ်​တွင် အ​ပျော်​အ​ပါး​လိုက်​စား​၍ ဇိမ်​ခံ​နေ​ကြ​ပြီ။ သတ်​ရန်​လျာ​ထား​သော​နေ့​အ​တွက် မိ​မိ​တို့​စိတ်​နှ​လုံး​ကို ဆူ​ဖြိုး​အောင်​ကျွေး​မွေး​ကြ​ပြီ။

6. သင်​တို့​သည် ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​ရှိ​သည်​ဟု​သတ်​မှတ်​၍ သတ်​ကြ​ပြီ။ သူ​သည် သင်​တို့​ကို ဆန့်​ကျင်​ခြင်း​မ​ပြု​ချေ။

7. သို့​ဖြစ်​၍ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​သည့်​တိုင်​အောင် စိတ်​ရှည်​သည်း​ခံ​ကြ​လော့။ ခြံ​သ​မား​သည် မြေ​မှ​အ​ဖိုး​တန်​သည့်​အ​သီး​အ​နှံ​ကို မိုး​ဦး​နှင့်​မိုး​နှောင်း​ရွာ​သည်​အ​ထိ စိတ်​ရှည်​စွာ​စောင့်​တတ်​၏။

8. သင်​တို့​သည်​လည်း စိတ်​ရှည်​သည်း​ခံ​ကြ​လော့။ သင်​တို့​၏​စိတ်​နှ​လုံး​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​ကြ​လော့။ အ​ကြောင်း​မူ​ကား သ​ခင်​ဘု​ရား​၏​ကြွ​လာ​တော်​မူ​ခြင်း​သည် နီး​ကပ်​လာ​ပြီ​ဖြစ်​၏။

9. ညီ​အစ်​ကို​တို့၊ စီ​ရင်​ခြင်း​မ​ခံ​ရ​မည့်​အ​ကြောင်း တစ်​ဦး​အ​ပေါ်​တစ်​ဦး ပြစ်​တင်​ညည်း​ညူ​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ကြည့်​ကြ​လော့။ တ​ရား​စီ​ရင်​သော​အ​ရှင်​သည် တံ​ခါး​ရှေ့​၌​ရပ်​နေ​တော်​မူ​ပြီ။

10. ညီ​အစ်​ကို​တို့၊ ဆင်း​ရဲ​ဒုက္ခ​ခံ​ခြင်း​နှင့်​စိတ်​ရှည်​ခြင်း​တို့​နှင့်​ပတ်​သက်​၍ သ​ခင်​ဘု​ရား​၏​နာ​မ​တော်​အား​ဖြင့် ဟော​ပြော​သော​ပ​ရော​ဖက်​တို့​ကို စံ​န​မူ​နာ​ယူ​ကြ​လော့။

11. သည်း​ခံ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​၏​ဟု ငါ​တို့​ယူ​ဆ​ကြ​၏။ ယော​ဘ​၏​သည်း​ခံ​ခြင်း​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ နောက်​ဆုံး​တွင် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​အား​ဖြင့် ကိုယ်​တော်​သည် အ​လွန်​ကြင်​နာ​တတ်​၍ က​ရု​ဏာ​နှင့်​ပြည့်​စုံ​တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း​ကို​လည်း သင်​တို့​တွေ့​မြင်​ရ​ကြ​၏။

12. ငါ့​ညီ​အစ်​ကို​တို့၊ အ​ထူး​သ​ဖြင့် တိုင်​တည်​ပြော​ဆို​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ကောင်း​ကင်​ကို​ဖြစ်​စေ၊ မြေ​ကြီး​ကို​ဖြစ်​စေ၊ အ​ခြား​က​တိ​သစ္စာ​တစ်​စုံ​တစ်​ခု​ကို​ပြု​လျက်​ဖြစ်​စေ တိုင်​တည်​၍​မ​ပြော​ဆို​ကြ​နှင့်။ သင်​တို့​သည် ဟုတ်​သည်​ကို ‘ဟုတ်​ပါ​သည်’ မ​ဟုတ်​သည်​ကို ‘မ​ဟုတ်​ပါ’​ဟူ​၍​သာ ပြော​ဆို​ကြ​လော့။ သို့​မ​ဟုတ်​လျှင် တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

ရှင်​ယာ​ကုပ်​ဩ​ဝါ​ဒ​စာ 5