7. လူသားတို့သည် သားရဲတိရစ္ဆာန်နှင့်ကျေးငှက်မျိုးမှစ၍ တွားသွားသတ္တဝါနှင့်ရေသတ္တဝါမျိုးအပေါင်းတို့ကို ယဉ်ပါးစေနိုင်သကဲ့သို့ ယဉ်လည်းယဉ်ပါးစေခဲ့ကြ၏။
8. သို့သော် လျှာကိုယဉ်ပါးစေနိုင်သူ တစ်စုံတစ်ဦးမျှမရှိ။ လျှာသည် ထိန်းချုပ်၍မရနိုင်သောအဆိုးအမိုက်ဖြစ်ပြီး သေစေတတ်သောအဆိပ်အတောက်နှင့် ပြည့်လျက်ရှိ၏။
9. ငါတို့သည် လျှာဖြင့် ခမည်းတော်ဖြစ်တော်မူသောထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းလျက် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းခံရသောလူတို့ကို ထိုလျှာဖြင့်ပင် ကျိန်ဆဲတတ်ကြ၏။
10. နှုတ်တစ်ခုထဲမှ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ကျိန်ဆဲခြင်းတို့ ထွက်လာတတ်သည်တကား။ ငါ့ညီအစ်ကိုတို့၊ ဤသို့မဖြစ်သင့်ပေ။
11. စမ်းရေပေါက်တစ်ခုထဲမှ ရေချိုနှင့်ရေခါး ထွက်လေ့ရှိသလော။
12. ငါ့ညီအစ်ကိုတို့၊ သဖန်းပင်သည် သံလွင်သီးများကို သီးနိုင်သလော။ စပျစ်ပင်သည် သဖန်းသီးများကို သီးနိုင်သလော။ ထို့အတူ ရေငန်တွင်းသည်လည်း ရေချိုကို မထွက်ပေါ်စေနိုင်ပေ။
13. သင်တို့တွင် မည်သူသည် ပညာရှိဖြစ်ပြီး တတ်သိလိမ္မာသူဖြစ်သနည်း။ ထိုသူသည် ဉာဏ်ပညာ၏နူးညံ့သိမ်မွေ့ခြင်း၌တည်သော မိမိ၏လုပ်ဆောင်မှုတို့ကို ကောင်းသောအသက်ရှင်နေထိုင်မှုအားဖြင့် သက်သေပြပါစေ။
14. သို့သော် သင်တို့၏စိတ်နှလုံးထဲ၌ ခါးသီးသောမနာလိုခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းများရှိလျှင် သမ္မာတရားကိုဆန့်ကျင်၍ ဝါကြွားခြင်း၊ လိမ်ညာခြင်းတို့ကိုမပြုကြနှင့်။
15. ထိုသို့သောဉာဏ်ပညာသည် အထက်အရပ်မှလာသည်မဟုတ်ဘဲ လောကနှင့်လည်းကောင်း၊ ဇာတိနှင့်လည်းကောင်း၊ နတ်ဆိုးတို့နှင့်လည်းကောင်း စပ်ဆိုင်၏။
16. အကြောင်းမူကား မနာလိုခြင်းနှင့်တစ်ကိုယ်ကောင်းဆန်ခြင်းရှိသောနေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့် ဆိုးညစ်သောအမှုအမျိုးမျိုးတို့ရှိတတ်၏။
17. သို့သော် အထက်အရပ်မှလာသောဉာဏ်ပညာသည် ပထမဦးစွာ သန့်ရှင်းစင်ကြယ်၏။ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ညင်သာသောသဘောနှင့် ပျော့ပျောင်းသောသဘောရှိ၍ ကရုဏာနှင့်ကောင်းမြတ်သောအသီးအပွင့်တို့ဖြင့်ပြည့်စုံကာ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းတို့နှင့် ကင်းစင်၏။