6. လျှာသည် မီးဖြစ်၏။ မတရားမှု၏လောကလည်းဖြစ်၏။ လျှာသည် ငါတို့၏အင်္ဂါအစိတ်အပိုင်းထဲက တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးကို ညစ်ညူးစွန်းထင်းစေလျက် ဘဝတစ်ခုလုံးကို လောင်ကျွမ်းစေကာ မိမိသည်လည်း ငရဲမီး၏လောင်ကျွမ်းခြင်းကိုခံရ၏။
7. လူသားတို့သည် သားရဲတိရစ္ဆာန်နှင့်ကျေးငှက်မျိုးမှစ၍ တွားသွားသတ္တဝါနှင့်ရေသတ္တဝါမျိုးအပေါင်းတို့ကို ယဉ်ပါးစေနိုင်သကဲ့သို့ ယဉ်လည်းယဉ်ပါးစေခဲ့ကြ၏။
8. သို့သော် လျှာကိုယဉ်ပါးစေနိုင်သူ တစ်စုံတစ်ဦးမျှမရှိ။ လျှာသည် ထိန်းချုပ်၍မရနိုင်သောအဆိုးအမိုက်ဖြစ်ပြီး သေစေတတ်သောအဆိပ်အတောက်နှင့် ပြည့်လျက်ရှိ၏။
9. ငါတို့သည် လျှာဖြင့် ခမည်းတော်ဖြစ်တော်မူသောထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းလျက် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းခံရသောလူတို့ကို ထိုလျှာဖြင့်ပင် ကျိန်ဆဲတတ်ကြ၏။
10. နှုတ်တစ်ခုထဲမှ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ကျိန်ဆဲခြင်းတို့ ထွက်လာတတ်သည်တကား။ ငါ့ညီအစ်ကိုတို့၊ ဤသို့မဖြစ်သင့်ပေ။
11. စမ်းရေပေါက်တစ်ခုထဲမှ ရေချိုနှင့်ရေခါး ထွက်လေ့ရှိသလော။
12. ငါ့ညီအစ်ကိုတို့၊ သဖန်းပင်သည် သံလွင်သီးများကို သီးနိုင်သလော။ စပျစ်ပင်သည် သဖန်းသီးများကို သီးနိုင်သလော။ ထို့အတူ ရေငန်တွင်းသည်လည်း ရေချိုကို မထွက်ပေါ်စေနိုင်ပေ။
13. သင်တို့တွင် မည်သူသည် ပညာရှိဖြစ်ပြီး တတ်သိလိမ္မာသူဖြစ်သနည်း။ ထိုသူသည် ဉာဏ်ပညာ၏နူးညံ့သိမ်မွေ့ခြင်း၌တည်သော မိမိ၏လုပ်ဆောင်မှုတို့ကို ကောင်းသောအသက်ရှင်နေထိုင်မှုအားဖြင့် သက်သေပြပါစေ။