1. ငါ့ညီအစ်ကိုတို့၊ ဘုန်းအသရေနှင့်ပြည့်စုံတော်မူသော ငါတို့သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအရာ၌ မျက်နှာလိုက်ခြင်းမရှိကြနှင့်။
2. သင်တို့၏ဝတ်ပြုစည်းဝေးကျောင်းထဲသို့ ရွှေလက်စွပ်နှင့်တင့်တယ်သောအဝတ်တို့ကို ဝတ်ဆင်ထားသောလူတစ်ဦးဝင်လာပြီး စုတ်ပြတ်သောအဝတ်ကိုဝတ်ဆင်ထားသည့် ဆင်းရဲသောသူတစ်ဦးလည်း ဝင်လာသောအခါ
3. သင်တို့သည် တင့်တယ်သောအဝတ်ဝတ်ဆင်ထားသောသူကို ဂရုစိုက်လျက် “သင်သည် ဤနေရာကောင်းတွင် ထိုင်ပါ”ဟု ဆို၍ ဆင်းရဲသောသူကိုမူကား “သင်သည် ထိုနေရာတွင်ရပ်နေပါ” သို့မဟုတ် “ငါ၏ခြေရင်းကြမ်းပြင်ပေါ်၌ ထိုင်ပါ”ဟု ဆိုလျှင်
4. သင်တို့သည် အချင်းချင်းကြား၌ လူတန်းစားခွဲခြား၍ မကောင်းသောတွေးတောဆင်ခြင်မှုတို့ဖြင့် တရားစီရင်သူများဖြစ်ကြပြီမဟုတ်လော။
5. ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။
6. သို့ရာတွင် သင်တို့သည် ဆင်းရဲသောသူတို့ကို မထီလေးစားပြုကြသည်တကား။ ချမ်းသာသောသူတို့သည် သင်တို့ကို ဖိနှိပ်ခြယ်လှယ်ကြသည်မဟုတ်လော။ သူတို့သည် သင်တို့ကို တရားရုံးသို့ ဆွဲခေါ်သွားကြသည်မဟုတ်လော။
7. သင်တို့နှင့်စပ်လျဉ်း၍ ခေါ်ဝေါ်သမုတ်သည့် ကောင်းမြတ်သောနာမကို သူတို့စော်ကားပြောဆိုကြသည်မဟုတ်လော။
8. သင်တို့သည် ကျမ်းစာနှင့်အညီ “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟူသော မွန်မြတ်သည့်ပညတ်တရားကို အမှန်တကယ်စောင့်ထိန်းလျှင် ကောင်းသောအမှုကိုပြုကြလေပြီ။
9. သို့သော် မျက်နှာလိုက်လျှင် သင်တို့သည် အပြစ်ပြုကြသည်ဖြစ်၍ ဖောက်ဖျက်ကျူးလွန်သူအဖြစ် ပညတ်တရားအားဖြင့် အပြစ်ဖော်ပြခြင်းကိုခံရမည်။
10. အဘယ်ကြောင့်ဆိုသော် ပညတ်တရားအလုံးစုံကိုစောင့်ထိန်းသော်လည်း တစ်ပါးကိုမှားလျှင် ပညတ်တရားအလုံးစုံကို ကျူးလွန်ရာရောက်၏။
11. အကြောင်းမူကား “အိမ်ထောင်ရေးဖောက်ပြန်မှုကိုမကျူးလွန်ရ”ဟု ပညတ်တော်မူသောအရှင်သည် “လူမသတ်ရ”ဟူ၍လည်း ပညတ်တော်မူ၏။ သို့ဖြစ်၍ သင်သည် အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်သော်လည်း လူသတ်လျှင် ပညတ်တရားကို ဖောက်ဖျက်ကျူးလွန်သူဖြစ်၏။
12. ထို့ကြောင့် လွတ်လပ်ခြင်းနှင့်ဆိုင်သောတရားတော်အားဖြင့် စီရင်ခြင်းခံရမည့်သူများကဲ့သို့ ပြောဆိုကျင့်ကြံကြလော့။