29. ထိုအခါ ယေရှုသည် သူတို့၏မျက်စိကိုတို့လျက် “သင်တို့၏ယုံကြည်ခြင်းအတိုင်း သင်တို့၌ဖြစ်စေ”ဟု မိန့်တော်မူသော်
30. သူတို့သည် မျက်စိမြင်လာလေ၏။ ယေရှုကလည်း “မည်သူမျှမသိစေရန် သတိပြုကြလော့”ဟု သူတို့အား တင်းကျပ်စွာမှာကြားတော်မူ၏။
31. သို့သော် သူတို့သည် ထွက်သွား၍ ကိုယ်တော်၏သတင်းကို ထိုနယ်တစ်နယ်လုံး၌ ပျံ့နှံ့စေကြ၏။
32. ထိုသူတို့ထွက်ခွာသွားကြစဉ် နတ်ဆိုးပူးသည့် ဆွံ့အသောသူတစ်ဦးကို အထံတော်သို့ခေါ်ဆောင်လာကြ၏။
33. နတ်ဆိုးကိုနှင်ထုတ်တော်မူသောအခါ ဆွံ့အသောသူသည် စကားပြောလေ၏။ လူထုပရိသတ်တို့သည်အံ့ဩ၍ “အစ္စရေးပြည်၌ ဤကဲ့သို့သောအဖြစ်ကို မမြင်ဖူးပါ”ဟု ပြောဆိုကြ၏။
34. သို့သော် ဖာရိရှဲတို့က “သူသည် နတ်ဆိုးတို့၏အကြီးအကဲကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်နေသည်”ဟု ပြောဆိုကြ၏။
35. ထို့နောက် ယေရှုသည် မြို့ရွာအားလုံးကိုလှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ သွန်သင်လျက် နိုင်ငံတော်နှင့်ဆိုင်သည့်ကောင်းမြတ်သောသတင်းကိုဟောပြောကာ ရောဂါအမျိုးမျိုးနှင့် အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
36. ကိုယ်တော်သည် လူထုပရိသတ်တို့ကိုမြင်လျှင် သူတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ ပစ်ထားခြင်းခံရ၍ စိတ်ပင်ပန်းနွမ်းနယ်နေကြသောကြောင့် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၏။
37. ထိုအခါ ကိုယ်တော်က “ရိတ်သိမ်းစရာများစွာရှိသော်လည်း လုပ်သားတို့သည်နည်းလှ၏။
38. ထို့ကြောင့် ရိတ်သိမ်းခြင်းအတွက် လုပ်သားများကို စေလွှတ်ပေးတော်မူရန် ရိတ်သိမ်းခြင်း၏အရှင်ထံ ဆုတောင်းကြလော့”ဟု တပည့်တော်တို့အား မိန့်တော်မူ၏။