10. ထို့နောက် ကိုယ်တော်သည် အိမ်ထဲတွင် စားပွဲ၌ထိုင်တော်မူစဉ် များစွာသောအခွန်ကောက်ခံသူတို့နှင့်အပြစ်သားတို့သည် ရောက်လာ၍ တပည့်တော်တို့နှင့်တကွ ယေရှုနှင့်အတူ စားသောက်ပွဲ၌ထိုင်ကြ၏။
11. ထိုအခြင်းအရာကို ဖာရိရှဲတို့မြင်လျှင် တပည့်တော်တို့အား “သင်တို့၏ဆရာသည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်သနည်း”ဟု မေးမြန်းကြ၏။
12. ကိုယ်တော်သည် ထိုစကားကိုကြားလျှင် “ကျန်းမာသောသူတို့သည် ဆေးဆရာကို မလိုအပ်ကြပေ။ နာမကျန်းဖြစ်သောသူတို့သာလျှင် လိုအပ်ကြ၏။
13. ‘ငါသည် ယဇ်ပူဇော်ခြင်းကိုမဟုတ်ဘဲ ကရုဏာကို အလိုရှိ၏’ဟူသောကျမ်းစကားသည် မည်သည့်အရာကိုဆိုလိုကြောင်း သွား၍သင်ယူကြလော့။ အကြောင်းမူကား ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားတို့ကိုခေါ်ရန်ငါလာ၏”ဟု မိန့်တော်မူ၏။
14. ထို့နောက် ယောဟန်၏တပည့်များသည် အထံတော်သို့ ချဉ်းကပ်လာ၍ “အကျွန်ုပ်တို့နှင့်ဖာရိရှဲတို့သည် မကြာခဏ အစာရှောင်ကြသော်လည်း ကိုယ်တော်၏တပည့်တော်များသည် အဘယ်ကြောင့် အစာမရှောင်ကြသနည်း”ဟု မေးလျှောက်ကြ၏။
15. ယေရှုကလည်း “သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေသရွေ့ ဝမ်းနည်းကြေကွဲနိုင်ကြမည်လော။ သို့သော် သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွားမည့်နေ့ရက်များ ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
16. မည်သူမျှ အဝတ်အဟောင်းကို ပိတ်စအသစ်ဖြင့် ဖာလေ့မရှိ။ အကြောင်းမူကား ဖာထားသောပိတ်စသည် အဝတ်ကိုရုန်းသဖြင့် စုတ်ပြဲသည့်နေရာသည် ပို၍ဆိုးလာလိမ့်မည်။
17. စပျစ်ဝိုင်အသစ်ကိုလည်း သားရေဘူးအဟောင်း၌ထည့်လေ့မရှိ။ ထိုသို့ပြုလျှင် သားရေဘူးသည် ပေါက်ပြဲသဖြင့် စပျစ်ဝိုင်ယိုထွက်ကာ သားရေဘူးလည်း ပျက်စီးသွားလိမ့်မည်။ စပျစ်ဝိုင်အသစ်ကို သားရေဘူးအသစ်၌သာ ထည့်ကြ၏။ ထိုသို့ပြုလျှင် နှစ်မျိုးစလုံးကို တာရှည်ထိန်းသိမ်းနိုင်၏”ဟု မိန့်တော်မူ၏။
18. ကိုယ်တော်သည် ဤအကြောင်းအရာများကိုမြွက်ဆိုတော်မူစဉ် အကြီးအကဲတစ်ဦးသည်လာ၍ ကိုယ်တော်ကိုရှိခိုးလျက် “အကျွန်ုပ်၏သမီးသည် ယခုပင်သေဆုံးသွားပါသည်။ သို့သော် ကြွလာ၍ ကိုယ်တော်၏လက်တော်ကို သူ့အပေါ်တင်တော်မူလျှင် အသက်ရှင်လာပါလိမ့်မည်”ဟု လျှောက်လေ၏။
19. ထို့ကြောင့် ယေရှုသည် ထ၍ ထိုသူ၏နောက်သို့ လိုက်တော်မူ၏။ တပည့်တော်တို့သည်လည်း အတူတကွလိုက်သွားကြ၏။
20-21. ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်နေသောအမျိုးသမီးတစ်ဦးသည် “ကိုယ်တော်၏ဝတ်ရုံတော်ကို တို့ထိရလျှင်ပင် ရောဂါပျောက်ကင်းလိမ့်မည်”ဟု မိမိစိတ်ထဲ၌ဆိုလျက် ကိုယ်တော်၏နောက်တော်သို့ချဉ်းကပ်ပြီး ဝတ်ရုံတော်၏ပန်းဖွားကို တို့ထိလေ၏။