5. သင်တို့ဆုတောင်းသောအခါတွင်လည်း သူတော်ကောင်းယောင်ဆောင်သောသူတို့ကဲ့သို့ မပြုကြနှင့်။ အကြောင်းမူကား သူတို့သည် လူတို့မြင်စေရန် ဝတ်ပြုစည်းဝေးကျောင်းများနှင့်လမ်းဆုံလမ်းခွများတွင် မတ်တတ်ရပ်လျက် ဆုတောင်းသည်ကို နှစ်သက်ကြ၏။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။
6. သင်မူကား ဆုတောင်းသောအခါ သင်၏အိမ်အတွင်းခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးလျှင် မထင်ရှားသောအရပ်၌ရှိတော်မူသော သင်၏အဖထံသို့ ဆုတောင်းလော့။ ထိုအခါ မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏အဖသည် သင့်အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
7. ထို့ပြင် သင်တို့ဆုတောင်းသောအခါ သာသနာပလူမျိုးခြားတို့ကဲ့သို့ တတွတ်တွတ် အချည်းနှီးမရွတ်ဆိုကြနှင့်။ သူတို့သည် များစွာသောစကားတို့ကိုရွတ်ဆိုလျှင် သူတို့ကို နားထောင်ပေးလိမ့်မည်ဟု ထင်မှတ်ကြ၏။
8. သို့ဖြစ်၍ သူတို့ကဲ့သို့ မပြုကြနှင့်။ အကြောင်းမူကား သင်တို့အဖသည် သင်တို့မတောင်းမီကပင် သင်တို့လိုအပ်သောအရာများကို သိနှင့်တော်မူ၏။
9. ထို့ကြောင့် ဤသို့ဆုတောင်းကြလော့။ ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် ရိုသေလေးမြတ်ခြင်းခံရပါစေသော။
10. နိုင်ငံတော်ပေါ်ထွန်းပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေသော။
11. အကျွန်ုပ်တို့အတွက် တစ်နေ့တာလိုအပ်သောအစာကို ယနေ့ပေးသနားတော်မူပါ။
12. အကျွန်ုပ်တို့အပေါ် အပြစ်ကြွေးရှိသူများကို အကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်ကြွေးများကိုလည်း ခွင့်လွှတ်တော်မူပါ။
13. ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]
14. သင်တို့သည် သူတစ်ပါးကျူးလွန်သောအပြစ်များကို ခွင့်လွှတ်လျှင် ကောင်းကင်ဘုံရှင် သင်တို့အဖသည်လည်း သင်တို့ကို ခွင့်လွှတ်တော်မူလိမ့်မည်။
15. သို့သော် သင်တို့သည် သူတစ်ပါးကိုခွင့်မလွှတ်လျှင် သင်တို့အဖသည်လည်း သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်မဟုတ်။
16. သင်တို့သည် အစာရှောင်ကြသောအခါ သူတော်ကောင်းယောင်ဆောင်သောသူတို့ကဲ့သို့ မျက်နှာညှိုးငယ်ခြင်းမရှိစေကြနှင့်။ အကြောင်းမူကား သူတို့သည် မိမိတို့အစာရှောင်နေကြောင်း လူတို့ရှေ့၌ထင်ရှားစေရန် မျက်နှာရှုံ့မဲ့ထားတတ်ကြ၏။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။
19. ပိုးမွှားနှင့်သံချေးဖျက်ဆီးတတ်၍ သူခိုးများဖောက်ထွင်းခိုးယူနိုင်ရာ မြေကြီးပေါ်၌ ဥစ္စာဘဏ္ဍာများကို သင်တို့အတွက် သိုမှီးမထားကြနှင့်။
20. ပိုးမွှားနှင့်သံချေးမဖျက်ဆီးတတ်၊ သူခိုးများလည်း မဖောက်ထွင်းမခိုးယူနိုင်ရာ ကောင်းကင်ဘုံ၌ သင်တို့အတွက်ဥစ္စာဘဏ္ဍာများကို သိုမှီးထားကြလော့။