3. သင်မူကား ပေးကမ်းစွန့်ကြဲသောအခါ သင်၏ပေးကမ်းစွန့်ကြဲခြင်းသည် မထင်ရှားမည့်အကြောင်း သင်၏လက်ယာလက်ပြုသည့်အရာကို သင်၏လက်ဝဲလက်အားမသိစေနှင့်။
4. ထိုအခါ မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏အဖသည် သင့်အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
5. သင်တို့ဆုတောင်းသောအခါတွင်လည်း သူတော်ကောင်းယောင်ဆောင်သောသူတို့ကဲ့သို့ မပြုကြနှင့်။ အကြောင်းမူကား သူတို့သည် လူတို့မြင်စေရန် ဝတ်ပြုစည်းဝေးကျောင်းများနှင့်လမ်းဆုံလမ်းခွများတွင် မတ်တတ်ရပ်လျက် ဆုတောင်းသည်ကို နှစ်သက်ကြ၏။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။
6. သင်မူကား ဆုတောင်းသောအခါ သင်၏အိမ်အတွင်းခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးလျှင် မထင်ရှားသောအရပ်၌ရှိတော်မူသော သင်၏အဖထံသို့ ဆုတောင်းလော့။ ထိုအခါ မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏အဖသည် သင့်အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
7. ထို့ပြင် သင်တို့ဆုတောင်းသောအခါ သာသနာပလူမျိုးခြားတို့ကဲ့သို့ တတွတ်တွတ် အချည်းနှီးမရွတ်ဆိုကြနှင့်။ သူတို့သည် များစွာသောစကားတို့ကိုရွတ်ဆိုလျှင် သူတို့ကို နားထောင်ပေးလိမ့်မည်ဟု ထင်မှတ်ကြ၏။
8. သို့ဖြစ်၍ သူတို့ကဲ့သို့ မပြုကြနှင့်။ အကြောင်းမူကား သင်တို့အဖသည် သင်တို့မတောင်းမီကပင် သင်တို့လိုအပ်သောအရာများကို သိနှင့်တော်မူ၏။
9. ထို့ကြောင့် ဤသို့ဆုတောင်းကြလော့။ ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် ရိုသေလေးမြတ်ခြင်းခံရပါစေသော။