22. မျက်စိသည် ကိုယ်ခန္ဓာ၏ဆီမီးဖြစ်၏။ ထို့ကြောင့် သင်၏မျက်စိကောင်းလျှင် သင်၏ကိုယ်ခန္ဓာတစ်ခုလုံးတောက်ပနေလိမ့်မည်။
23. သို့သော် သင်၏မျက်စိမကောင်းလျှင် သင်၏ကိုယ်ခန္ဓာတစ်ခုလုံးမှောင်မိုက်နေလိမ့်မည်။ သို့ဖြစ်၍ သင်၌ရှိသောအလင်းသည် အမှောင်ဖြစ်လျှင် ထိုအမှောင်သည် မည်မျှလောက် မှောင်လိမ့်မည်နည်း။
24. မည်သူမျှ သခင်နှစ်ဦးကို အစေခံ၍မရနိုင်။ အကြောင်းမူကား သူသည် တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်လိမ့်မည်။ သို့မဟုတ် တစ်ဦးကိုသစ္စာစောင့်၍ တစ်ဦးကိုမထီမဲ့မြင်ပြုလိမ့်မည်။ သင်တို့သည် ဘုရားသခင်နှင့်လောကီစည်းစိမ်တို့ကို တစ်ပြိုင်တည်းအစေခံ၍မရနိုင်ကြ။
25. သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ သင်တို့၏အသက်ရှင်ရေးအတွက် မည်သည့်အရာကို စားရမည်နည်း၊ မည်သည့်အရာကို သောက်ရမည်နည်းဟူ၍လည်းကောင်း၊ သင်တို့၏ကိုယ်ခန္ဓာအတွက် မည်သည့်အရာကို ဝတ်ရမည်နည်းဟူ၍လည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်သည် အစာထက် အရေးကြီးသည်မဟုတ်လော။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက် အရေးကြီးသည်မဟုတ်လော။
26. မိုးကောင်းကင်ငှက်တို့ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မျိုးကြဲခြင်းမရှိ၊ ရိတ်သိမ်းခြင်းနှင့် ကျီ၌စုသိမ်းခြင်းတို့ကိုလည်း မပြုကြ။ သို့သော် ကောင်းကင်ဘုံရှင် သင်တို့အဖသည် ၎င်းတို့ကိုကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်တို့ထက် အဖိုးထိုက်ကြသည်မဟုတ်လော။
27. သင်တို့တွင် မည်သူသည် စိုးရိမ်သောအားဖြင့် မိမိ၏အသက်ကို တစ်တောင်ခန့်မျှ ပို၍ရှည်စေနိုင်သနည်း။
28. အဝတ်အတွက်လည်း အဘယ်ကြောင့်စိုးရိမ်ကြသနည်း။ တော၌ရှိသောနှင်းပန်းများ မည်ကဲ့သို့ကြီးထွားကြသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် အလုပ်လည်းမလုပ်။ ဗိုင်းလည်းမငင်ကြချေ။
29. သို့သော် သင်တို့အား ငါဆိုသည်ကား မိမိ၏ဘုန်းအသရေဖြင့်ပြည့်ဝလျက်ရှိသော ရှောလမုန်ပင်လျှင် ဤနှင်းပန်းတစ်ပွင့်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။
30. ယုံကြည်ခြင်းအားနည်းသောသူတို့၊ ယနေ့ရှင်သန်လျက်ရှိသော်လည်း မနက်ဖြန်မီးဖိုထဲသို့ပစ်ချခံရမည့် တောမြက်ပင်ကိုပင် ဘုရားသခင်သည် ဤမျှလောက်ဆင်ယင်ပေးတော်မူလျှင် သင်တို့ကို ပို၍ကောင်းစွာဆင်ယင်ပေးတော်မူလိမ့်မည်မဟုတ်လော။
31. ထို့ကြောင့် မည်သည့်အရာကို စားရမည်နည်း၊ မည်သည့်အရာကို သောက်ရမည်နည်း၊ မည်သည့်အရာကို ဝတ်ရမည်နည်းဟုဆိုလျက် မစိုးရိမ်ကြနှင့်။