13. ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]
14. သင်တို့သည် သူတစ်ပါးကျူးလွန်သောအပြစ်များကို ခွင့်လွှတ်လျှင် ကောင်းကင်ဘုံရှင် သင်တို့အဖသည်လည်း သင်တို့ကို ခွင့်လွှတ်တော်မူလိမ့်မည်။
15. သို့သော် သင်တို့သည် သူတစ်ပါးကိုခွင့်မလွှတ်လျှင် သင်တို့အဖသည်လည်း သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်မဟုတ်။
16. သင်တို့သည် အစာရှောင်ကြသောအခါ သူတော်ကောင်းယောင်ဆောင်သောသူတို့ကဲ့သို့ မျက်နှာညှိုးငယ်ခြင်းမရှိစေကြနှင့်။ အကြောင်းမူကား သူတို့သည် မိမိတို့အစာရှောင်နေကြောင်း လူတို့ရှေ့၌ထင်ရှားစေရန် မျက်နှာရှုံ့မဲ့ထားတတ်ကြ၏။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။
17-18. သို့သော် သင်သည် အစာရှောင်သောအခါ မိမိအစာရှောင်နေကြောင်းကို လူတို့ရှေ့၌မထင်ရှားစေဘဲ မထင်ရှားသောအရပ်၌ရှိတော်မူသော သင်၏အဖရှေ့တော်၌သာ ထင်ရှားစေရန် သင်၏ခေါင်းကိုဆီလိမ်း၍ သင်၏မျက်နှာကိုသစ်လော့။ ထိုအခါ မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏အဖသည် သင့်အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
19. ပိုးမွှားနှင့်သံချေးဖျက်ဆီးတတ်၍ သူခိုးများဖောက်ထွင်းခိုးယူနိုင်ရာ မြေကြီးပေါ်၌ ဥစ္စာဘဏ္ဍာများကို သင်တို့အတွက် သိုမှီးမထားကြနှင့်။
20. ပိုးမွှားနှင့်သံချေးမဖျက်ဆီးတတ်၊ သူခိုးများလည်း မဖောက်ထွင်းမခိုးယူနိုင်ရာ ကောင်းကင်ဘုံ၌ သင်တို့အတွက်ဥစ္စာဘဏ္ဍာများကို သိုမှီးထားကြလော့။
21. အကြောင်းမူကား သင်၏ဥစ္စာဘဏ္ဍာရှိသောနေရာ၌ သင်၏စိတ်နှလုံးလည်း ရောက်တတ်၏။