ရှင်​မဿဲ​ခ​ရစ်​ဝင် 6:12-21 Myanmar Standard Bible (MSB)

12. အ​ကျွန်ုပ်​တို့​အ​ပေါ် အ​ပြစ်​ကြွေး​ရှိ​သူ​များ​ကို အ​ကျွန်ုပ်​တို့​ခွင့်​လွှတ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​၏​အ​ပြစ်​ကြွေး​များ​ကို​လည်း ခွင့်​လွှတ်​တော်​မူ​ပါ။

13. ဖြား​ယောင်း​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ မ​ကောင်း​သော​အ​မှု​အ​ရာ​မှ အ​ကျွန်ုပ်​တို့​ကို ကယ်​နုတ်​တော်​မူ​ပါ။ [အ​ကြောင်း​မူ​ကား နိုင်​ငံ​တော်၊ တန်​ခိုး​တော်​နှင့် ဘုန်း​အ​သ​ရေ​တော်​သည် ကမ္ဘာ​အ​ဆက်​ဆက် ကိုယ်​တော်​၌​ရှိ​ပါ​၏။ အာ​မင်။]

14. သင်​တို့​သည် သူ​တစ်​ပါး​ကျူး​လွန်​သော​အ​ပြစ်​များ​ကို ခွင့်​လွှတ်​လျှင် ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​အ​ဖ​သည်​လည်း သင်​တို့​ကို ခွင့်​လွှတ်​တော်​မူ​လိမ့်​မည်။

15. သို့​သော် သင်​တို့​သည် သူ​တစ်​ပါး​ကို​ခွင့်​မ​လွှတ်​လျှင် သင်​တို့​အ​ဖ​သည်​လည်း သင်​တို့​ကျူး​လွန်​သော​အ​ပြစ်​များ​ကို ခွင့်​လွှတ်​တော်​မူ​မည်​မ​ဟုတ်။

16. သင်​တို့​သည် အ​စာ​ရှောင်​ကြ​သော​အ​ခါ သူ​တော်​ကောင်း​ယောင်​ဆောင်​သော​သူ​တို့​ကဲ့​သို့ မျက်​နှာ​ညှိုး​ငယ်​ခြင်း​မ​ရှိ​စေ​ကြ​နှင့်။ အ​ကြောင်း​မူ​ကား သူ​တို့​သည် မိ​မိ​တို့​အ​စာ​ရှောင်​နေ​ကြောင်း လူ​တို့​ရှေ့​၌​ထင်​ရှား​စေ​ရန် မျက်​နှာ​ရှုံ့​မဲ့​ထား​တတ်​ကြ​၏။ သင်​တို့​အား ငါ​အ​မှန်​ဆို​မည်။ သူ​တို့​သည် မိ​မိ​တို့​၏​အ​ကျိုး​ကျေး​ဇူး​ကို​ရ​ကြ​လေ​ပြီ။

17-18. သို့​သော် သင်​သည် အ​စာ​ရှောင်​သော​အ​ခါ မိ​မိ​အ​စာ​ရှောင်​နေ​ကြောင်း​ကို လူ​တို့​ရှေ့​၌​မ​ထင်​ရှား​စေ​ဘဲ မ​ထင်​ရှား​သော​အ​ရပ်​၌​ရှိ​တော်​မူ​သော သင်​၏​အ​ဖ​ရှေ့​တော်​၌​သာ ထင်​ရှား​စေ​ရန် သင်​၏​ခေါင်း​ကို​ဆီ​လိမ်း​၍ သင်​၏​မျက်​နှာ​ကို​သစ်​လော့။ ထို​အ​ခါ မ​ထင်​ရှား​သော​အ​ရာ​ကို​မြင်​တော်​မူ​သော သင်​၏​အ​ဖ​သည် သင့်​အား ဆု​လာဘ်​ကို​ပေး​တော်​မူ​လိမ့်​မည်။

19. ပိုး​မွှား​နှင့်​သံ​ချေး​ဖျက်​ဆီး​တတ်​၍ သူ​ခိုး​များ​ဖောက်​ထွင်း​ခိုး​ယူ​နိုင်​ရာ မြေ​ကြီး​ပေါ်​၌ ဥစ္စာ​ဘဏ္ဍာ​များ​ကို သင်​တို့​အ​တွက် သို​မှီး​မ​ထား​ကြ​နှင့်။

20. ပိုး​မွှား​နှင့်​သံ​ချေး​မ​ဖျက်​ဆီး​တတ်၊ သူ​ခိုး​များ​လည်း မ​ဖောက်​ထွင်း​မ​ခိုး​ယူ​နိုင်​ရာ ကောင်း​ကင်​ဘုံ​၌ သင်​တို့​အ​တွက်​ဥစ္စာ​ဘဏ္ဍာ​များ​ကို သို​မှီး​ထား​ကြ​လော့။

21. အ​ကြောင်း​မူ​ကား သင်​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သော​နေ​ရာ​၌ သင်​၏​စိတ်​နှ​လုံး​လည်း ရောက်​တတ်​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 6