9. ဤဆီမွှေးကို အဖိုးများစွာနှင့်ရောင်း၍ ဆင်းရဲသားတို့ကို ပေးကမ်းနိုင်သည်”ဟု ဆိုကြ၏။
10. ယေရှုသည် သိတော်မူ၍ “ဤအမျိုးသမီးကို အဘယ်ကြောင့် နှောင့်ယှက်ကြသနည်း။ အမှန်စင်စစ် သူသည် ငါ့အတွက် ကောင်းသောအမှုကိုပြုလေပြီ။
11. အကြောင်းမူကား ဆင်းရဲသားတို့သည် သင်တို့နှင့်အတူ အစဉ်ရှိကြ၏။ ငါမူကား သင်တို့နှင့်အတူ အစဉ်ရှိသည်မဟုတ်။
12. ဤအမျိုးသမီးသည် ဆီမွှေးကို ငါ့ကိုယ်ပေါ်၌ သွန်းလောင်းခဲ့ခြင်းမှာ ငါ့ကိုသင်္ဂြိုဟ်ရန် ပြင်ဆင်ခြင်းဖြစ်၏။
13. သင်တို့အား ငါအမှန်ဆိုမည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ကောင်းမြတ်သောသတင်းကို ဟောပြောသည့်နေရာတိုင်း၌ ဤအမျိုးသမီးပြုခဲ့သောအမှုအရာကိုလည်း သူ၏အမှတ်တရအဖြစ် ပြောကြားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
14. ထို့နောက် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒဣရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့သွား၍
15. “ယေရှုကို သင်တို့လက်သို့အပ်နှံလျှင် သင်တို့သည် အကျွန်ုပ်အား ငွေမည်မျှပေးမည်နည်း”ဟု ဆိုသော် သူတို့သည် ယုဒအား ငွေဒင်္ဂါးသုံးဆယ်ကို သတ်မှတ်ပေးကြ၏။
16. ထိုအချိန်မှစ၍ ယုဒသည် ကိုယ်တော်ကိုအပ်နှံရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
17. တဆေးမဲ့မုန့်ပွဲတော်၏ပထမနေ့တွင် တပည့်တော်တို့သည် ယေရှုထံသို့ချဉ်းကပ်၍ “ပသခါပွဲတော်ညစာကို ကိုယ်တော်သုံးဆောင်ရန် အကျွန်ုပ်တို့အား မည်သည့်နေရာ၌ ပြင်ဆင်စေလိုပါသနည်း”ဟု မေးလျှောက်ကြ၏။
18. ကိုယ်တော်ကလည်း “မြို့ထဲသို့သွား၍ တစ်ယောက်သောသူအား ‘ငါ၏အချိန်နီးပြီ။ ပသခါပွဲတော်ကို သင့်ထံ၌ ငါ၏တပည့်များနှင့်အတူကျင်းပမည်’ဟူ၍ ဆရာကမှာလိုက်သည်ဟု ထိုသူအား ပြောကြလော့”ဟူ၍ မိန့်တော်မူ၏။
19. ထို့ကြောင့် တပည့်တော်တို့သည် မိမိတို့အား ယေရှုမိန့်မှာတော်မူသည့်အတိုင်း ဆောင်ရွက်ကြပြီး ပသခါပွဲတော်ကိုပြင်ဆင်ကြ၏။
20. ညနေချမ်းအချိန်ရောက်သောအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့နှင့်အတူ စားပွဲ၌ထိုင်တော်မူ၏။