45. ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့ထံသို့ ပြန်လာ၍ “ယခုတိုင်အောင်အိပ်ပျော်လျက် အနားယူနေကြသလော။ ကြည့်ရှုလော့။ အချိန်ရောက်လာပြီ။ လူ့သားသည် အပြစ်သားတို့၏လက်သို့ အပ်နှံခြင်းခံရတော့မည်။
46. ထကြ။ သွားကြစို့။ ငါ့ကိုအပ်နှံမည့်သူရောက်လာပြီ”ဟု မိန့်တော်မူ၏။
47. ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒသည် ရောက်လာ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးတို့က စေလွှတ်လိုက်သည့် များစွာသောလူအစုအဝေးတို့သည်လည်း တုတ်၊ ဓားများကိုင်ဆောင်လျက် သူနှင့်အတူပါလာ၏။
48. ကိုယ်တော်ကိုအပ်နှံသောသူက “ငါနမ်းသောသူသည် ထိုသူပင်ဖြစ်၏။ သူ့ကိုဖမ်းဆီးကြလော့”ဟု ဆိုလျက် အချက်ပြအမှတ်အသားကို သူတို့အားပေးထား၏။
49. ထို့ကြောင့် သူသည် ယေရှုထံသို့ ချက်ချင်းချဉ်းကပ်၍ “မင်္ဂလာပါ၊ ရဗ္ဗိ”ဟု ဆိုလျက် ကိုယ်တော်ကိုနမ်းလေ၏။
50. ယေရှုကလည်း “အဆွေ၊ သင်လာသည့်အကြောင်းကိစ္စကိုဆောင်ရွက်လော့”ဟု မိန့်တော်မူ၏။ ထိုအခါ လူတို့သည် ချဉ်းကပ်၍ ယေရှုကိုဖမ်းဆီးချုပ်ကိုင်ထားကြ၏။
51. ထိုစဉ် ယေရှုနှင့်အတူရှိသောသူတို့ထဲမှ တစ်ဦးသည် လက်ကိုဆန့်၍ မိမိ၏ဓားကိုဆွဲထုတ်ကာ ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ထိုသူ၏နားရွက်ပြတ်သွားလေ၏။
52. ယေရှုကလည်း ထိုသူအား “သင်၏ဓားကို သူ့နေရာ၌ပြန်ထားလော့။ အကြောင်းမူကား ဓားကိုင်သောသူအားလုံးတို့သည် ဓားဖြင့်ပျက်စီးရလိမ့်မည်။
53. ယခုပင် တစ်ဆယ့်နှစ်တပ်ထက်များပြားသော ကောင်းကင်တမန်ကို ငါ့ထံသို့စေလွှတ်တော်မူမည့်အကြောင်း ခမည်းတော်ထံသို့ ငါမတောင်းနိုင်ဟု သင်ထင်သလော။
54. သို့ဖြစ်လျှင် ဤသို့ဖြစ်ရမည်ဟုဆိုထားသော ကျမ်းချက်များသည် မည်သို့ပြည့်စုံခြင်းသို့ရောက်နိုင်မည်နည်း”ဟု မိန့်တော်မူ၏။
55. ထိုအချိန်တွင် ယေရှုသည် လူအစုအဝေးတို့အား “သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ တုတ်၊ ဓားများကိုင်ဆောင်လျက် ငါ့ကိုဖမ်းဆီးရန်လာကြသလော။ ငါသည် နေ့တိုင်း ဗိမာန်တော်၌ထိုင်လျက် သွန်သင်နေခဲ့သော်လည်း သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။
56. သို့သော် ဤအမှုအရာအားလုံးဖြစ်ပျက်ရခြင်းမှာ ပရောဖက်ကျမ်းများပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း”ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အားလုံးတို့သည် ကိုယ်တော်ကိုစွန့်ခွာ၍ ထွက်ပြေးကြ၏။
57. ယေရှုကိုဖမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာများနှင့်သက်ကြီးဝါကြီးတို့စုဝေးရာ ယဇ်ပုရောဟိတ်မင်းကယာဖထံသို့ ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။
58. ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းအထိ ကိုယ်တော်၏နောက်သို့ မလှမ်းမကမ်းမှလိုက်သွားကာ နောက်ဆုံးမည်သို့ဖြစ်မည်ကိုသိမြင်ရန် အထဲသို့ဝင်၍ အစောင့်တပ်သားများနှင့်အတူထိုင်နေ၏။