18. ကိုယ်တော်ကလည်း “မြို့ထဲသို့သွား၍ တစ်ယောက်သောသူအား ‘ငါ၏အချိန်နီးပြီ။ ပသခါပွဲတော်ကို သင့်ထံ၌ ငါ၏တပည့်များနှင့်အတူကျင်းပမည်’ဟူ၍ ဆရာကမှာလိုက်သည်ဟု ထိုသူအား ပြောကြလော့”ဟူ၍ မိန့်တော်မူ၏။
19. ထို့ကြောင့် တပည့်တော်တို့သည် မိမိတို့အား ယေရှုမိန့်မှာတော်မူသည့်အတိုင်း ဆောင်ရွက်ကြပြီး ပသခါပွဲတော်ကိုပြင်ဆင်ကြ၏။
20. ညနေချမ်းအချိန်ရောက်သောအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့နှင့်အတူ စားပွဲ၌ထိုင်တော်မူ၏။
21. သူတို့သည်စားလျက်နေကြစဉ် ကိုယ်တော်က “သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့အထဲမှတစ်ယောက်သည် ငါ့ကိုအပ်နှံလိမ့်မည်”ဟု မိန့်တော်မူ၏။
22. ထိုအခါ တပည့်တော်တို့သည် အလွန်စိတ်မကောင်းဖြစ်ကြလျက် “သခင်ဘုရား၊ အကျွန်ုပ်လော”ဟု ကိုယ်တော်အား တစ်ဦးပြီးတစ်ဦးမေးလျှောက်ကြ၏။
23. ကိုယ်တော်ကလည်း “ငါနှင့်အတူတစ်ပန်းကန်ထဲတွင် လက်နှိုက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်။
24. လူ့သားသည် မိမိနှင့်ပတ်သက်၍ ရေးထားသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူ့သားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မမွေးဖွားလာခဲ့လျှင် သူ့အတွက် သာ၍ကောင်းပေလိမ့်မည်”ဟု မိန့်တော်မူ၏။
25. ထိုအခါ ကိုယ်တော်ကိုအပ်နှံတော့မည့်ယုဒက “ရဗ္ဗိ၊ အကျွန်ုပ်လော”ဟု မေးလျှောက်သော် ကိုယ်တော်က “သင်ပြောသည့်အတိုင်းပေတည်း”ဟု မိန့်တော်မူ၏။
26. ထို့နောက် သူတို့စားလျက်နေကြစဉ် ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ တပည့်တော်တို့အားပေးလျက် “ယူ၍စားကြလော့။ ဤမုန့်ကား ငါ၏ကိုယ်ခန္ဓာဖြစ်၏”ဟု မိန့်တော်မူ၏။
27. ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် သူတို့အားပေးလျက် “သင်တို့အားလုံး ဤခွက်ကိုသောက်ကြလော့။
28. ဤသည်ကား အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် လူများစွာအဖို့သွန်းလောင်းသည့် ပဋိညာဉ်နှင့်ဆိုင်သော ငါ၏သွေးဖြစ်၏။
29. သင်တို့အား ငါဆိုသည်ကား ငါ့ခမည်းတော်၏နိုင်ငံတော်၌ သင်တို့နှင့်အတူအသစ်ပြန်သောက်မည့် ထိုနေ့ရက်တိုင်အောင် ယခုမှစ၍ စပျစ်သီးမှဖြစ်သောဤအရည်ကို ငါလုံးဝသောက်လိမ့်မည်မဟုတ်”ဟု မိန့်တော်မူ၏။
30. ထို့နောက် သူတို့သည် ချီးမွမ်းသီချင်းသီဆိုပြီးမှ သံလွင်တောင်သို့ထွက်သွားကြ၏။
31. ထိုအခါ ယေရှုက “‘ငါသည် သိုးထိန်းကိုခုတ်သတ်သဖြင့် သိုးအုပ်သည် ကွဲလွင့်သွားရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသည်ဖြစ်၍ ဤည၌ သင်တို့အားလုံးသည် ငါ့ကြောင့်စိတ်ပျက်ကြလိမ့်မည်။