5. သူတို့သည် မိမိတို့ပြုသမျှသောအမှုတို့ကို လူတို့မြင်စေရန်သာပြုကြ၏။ အကြောင်းမူကား သူတို့သည် မိမိတို့၏ကျမ်းလက်ဖွဲ့အဆောင်များကိုကြီးစွာလုပ်၍ ဝတ်ရုံပန်းဖွားများကို ရှည်လျားစွာထားကြ၏။
6. စားသောက်ပွဲများ၌ အထူးနေရာကိုလည်းကောင်း၊ ဝတ်ပြုစည်းဝေးကျောင်းများ၌ အထူးထိုင်ခုံများကိုလည်းကောင်း၊
7. ဈေးအရပ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊ သူတို့ကိုရဗ္ဗိဟုလူတို့ခေါ်ဝေါ်ကြသည်ကိုလည်းကောင်း နှစ်သက်ကြ၏။
8. သို့သော် သင်တို့သည် ရဗ္ဗိဟုခေါ်ဝေါ်ခြင်းကိုမခံကြနှင့်။ အကြောင်းမူကား သင်တို့၏ဆရာသည် တစ်ပါးတည်းသာရှိ၍ သင်တို့အားလုံးသည် ညီအစ်ကိုများဖြစ်ကြ၏။
9. မြေကြီးပေါ်၌ မည်သူ့ကိုမျှ အဖဟူ၍လည်း မခေါ်ကြနှင့်။ အကြောင်းမူကား သင်တို့တွင် ကောင်းကင်ဘုံရှင် အဖတစ်ပါးတည်းရှိတော်မူ၏။
10. သင်တို့သည် ခေါင်းဆောင်ဟုလည်း ခေါ်ဝေါ်ခြင်းကိုမခံကြနှင့်။ အကြောင်းမူကား သင်တို့၏ခေါင်းဆောင်သည် ခရစ်တော်တစ်ပါးတည်းဖြစ်၏။
11. သင်တို့တွင် အကြီးမြတ်ဆုံးဖြစ်သောသူသည် သင်တို့၏အစေခံဖြစ်ရမည်။
12. မိမိကိုယ်ကိုချီးမြှောက်သောသူသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်။
13. သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို လူတို့ရှေ့၌ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း ဝင်ခွင့်မပေးကြ။
14. [သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် မုဆိုးမတို့၏အိမ်ကို မတရားသိမ်းယူပြီး ဟန်ပြ၍ ရှည်လျားစွာဆုတောင်းတတ်ကြ၏။ ထို့ကြောင့် သင်တို့သည် ပို၍ကြီးလေးသောပြစ်ဒဏ်စီရင်ခြင်းကို ခံရကြလိမ့်မည်။]
15. သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် လူတစ်ဦးကို ဂျူးဘာသာဝင်ဖြစ်လာစေရန် ပင်လယ်နှင့်ကုန်းမြေတို့တွင် လှည့်လည်ကြပြီး ဘာသာဝင်ဖြစ်လာသောအခါ ထိုသူကို သင်တို့ထက် နှစ်ဆဆိုးသောငရဲသားဖြစ်စေကြ၏။
16. မျက်စိမမြင်သောလမ်းပြတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့က မည်သူမဆို ဗိမာန်တော်ကို တိုင်တည်ပြောဆိုလျှင် အကျုံးမဝင်။ သို့သော် ဗိမာန်တော်၏ရွှေကို တိုင်တည်ပြောဆိုလျှင် ထိုအတိုင်းပြုရန်တာဝန်ရှိ၏ဟု ဆိုကြ၏။
17. မိုက်မဲသောမျက်မမြင်တို့၊ မည်သည့်အရာသည် ပို၍ကြီးမြတ်သနည်း။ ထိုရွှေလော သို့မဟုတ် ထိုရွှေကိုသန့်ရှင်းစေသည့် ဗိမာန်တော်လော။
18. ထို့ပြင် သင်တို့က မည်သူမဆို ယဇ်ပလ္လင်ကို တိုင်တည်ပြောဆိုလျှင် အကျုံးမဝင်။ သို့သော် ယဇ်ပလ္လင်ပေါ်၌ရှိသော ပူဇော်သက္ကာကို တိုင်တည်ပြောဆိုလျှင် ထိုအတိုင်းပြုရန် တာဝန်ရှိ၏’ဟု ဆိုကြ၏။