20. ထို့ကြောင့် ယဇ်ပလ္လင်ကို တိုင်တည်ပြောဆိုသောသူသည် ယဇ်ပလ္လင်နှင့်တကွ ၎င်းအပေါ်၌ရှိသမျှတို့ကို တိုင်တည်ပြောဆို၏။
21. ထို့အတူ ဗိမာန်တော်ကို တိုင်တည်ပြောဆိုသောသူသည် ဗိမာန်တော်နှင့်တကွ ၎င်းတွင်ကိန်းဝပ်တော်မူသောအရှင်ကို တိုင်တည်ပြောဆို၏။
22. ကောင်းကင်ကို တိုင်တည်ပြောဆိုသောသူသည်လည်း ဘုရားသခင်၏ပလ္လင်တော်နှင့်တကွ ၎င်းအပေါ်၌ ထိုင်တော်မူသောအရှင်ကို တိုင်တည်ပြောဆို၏။
23. သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဇီရာတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြ၏။ သို့သော် ပညတ်တရားထဲမှ ပို၍အရေးကြီးသော တရားမျှတခြင်း၊ ကရုဏာထားခြင်းနှင့် သစ္စာစောင့်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ချန်လှပ်မထားရ။
24. မျက်စိမမြင်သောလမ်းပြတို့၊ သင်တို့သည် မှက်ကောင်ကိုစစ်ထုတ်ကြသော်လည်း ကုလားအုပ်ကိုမူကား မျိုချကြ၏။
25. သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ခွက်နှင့်ပန်းကန်တို့၏အပြင်ဘက်ကို စင်ကြယ်စေကြသော်လည်း အတွင်း၌ကား မတရားလုယူခြင်းနှင့် ကိုယ့်အလိုသို့လိုက်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိကြ၏။
26. မျက်စိမမြင်သောဖာရိရှဲတို့၊ ခွက်၏အတွင်းဘက်ကို ဦးစွာစင်ကြယ်စေကြလော့။ ထိုသို့ပြုလျှင် ၎င်း၏အပြင်ဘက်လည်း စင်ကြယ်လာလိမ့်မည်။
27. သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ထုံးဖြူသုတ်ထားသည့် သင်္ချိုင်းဂူများနှင့်တူကြ၏။ ၎င်းတို့သည် အပြင်ဘက်၌ တင့်တယ်စွာထင်ရှားသော်လည်း အတွင်း၌ကား လူသေတို့၏အရိုးများနှင့် ညစ်ညူးသောအရာအမျိုးမျိုးတို့ဖြင့် ပြည့်နှက်လျက်ရှိကြ၏။
28. ထိုနည်းတူ သင်တို့သည်လည်း အပြင်ဘက်၌ လူတို့ရှေ့တွင် ဖြောင့်မတ်ဟန်ရှိကြသော်လည်း အတွင်း၌ကား သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် တရားမဲ့ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိကြ၏။
29. သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပရောဖက်တို့၏သင်္ချိုင်းဂူများကို တည်ဆောက်၍ ဖြောင့်မတ်သောသူတို့၏သင်္ချိုင်းဂူများကို တန်ဆာဆင်ကာ
30. ‘ငါတို့သည် ငါတို့၏ဘိုးဘေးများလက်ထက်၌ရှိခဲ့လျှင် ပရောဖက်တို့ကို သွေးမြေကျစေသောသူတို့၏အပေါင်းအဖော်ဖြစ်ကြမည်မဟုတ်’ဟု ပြောကြ၏။
31. ဤသို့ဖြင့် သင်တို့သည် ပရောဖက်တို့ကိုသတ်ခဲ့သောသူတို့၏အမျိုးအနွယ်များဖြစ်ကြောင်း သင်တို့ကိုယ်တိုင်သက်သေခံကြ၏။
32. သင်တို့သည်လည်း သင်တို့ဘိုးဘေးများ၏အပြစ်ပမာဏကိုပြည့်အောင် ဖြည့်စွက်ကြလော့။
33. အချင်းမြွေတို့၊ မြွေဆိုးအမျိုးတို့၊ သင်တို့သည် ငရဲ၌အပြစ်စီရင်ခံရခြင်းမှ မည်ကဲ့သို့လွတ်မြောက်နိုင်ကြမည်နည်း။
34. ထို့ကြောင့် ငါသည် ပရောဖက်များ၊ ပညာရှိများနှင့် ကျမ်းပြုဆရာများကို သင်တို့ထံသို့စေလွှတ်မည်။ ထိုအခါ သင်တို့သည် သူတို့ထဲမှ အချို့တို့ကိုသတ်၍ လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး အချို့တို့ကို သင်တို့၏ဝတ်ပြုစည်းဝေးကျောင်းများ၌ ဒဏ်ခတ်ရိုက်နှက်ကာ တစ်မြို့မှတစ်မြို့သို့ လိုက်လံညှဉ်းဆဲကြလိမ့်မည်။
35. သို့ဖြစ်၍ ဖြောင့်မတ်သောသူ၊ အာဗေလ၏သွေးမှစ၍ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကြားတွင် သင်တို့သတ်ခဲ့သော ဗာရခိ၏သား ဇာခရိ၏သွေးတိုင်အောင် မြေကြီးပေါ်၌ သွန်းလောင်းခြင်းခံရသည့် ဖြောင့်မတ်သောသူတို့၏သွေးကြွေးရှိသမျှသည် သင်တို့အပေါ်သို့ ကျရောက်လိမ့်မည်။