17. မိုက်မဲသောမျက်မမြင်တို့၊ မည်သည့်အရာသည် ပို၍ကြီးမြတ်သနည်း။ ထိုရွှေလော သို့မဟုတ် ထိုရွှေကိုသန့်ရှင်းစေသည့် ဗိမာန်တော်လော။
18. ထို့ပြင် သင်တို့က မည်သူမဆို ယဇ်ပလ္လင်ကို တိုင်တည်ပြောဆိုလျှင် အကျုံးမဝင်။ သို့သော် ယဇ်ပလ္လင်ပေါ်၌ရှိသော ပူဇော်သက္ကာကို တိုင်တည်ပြောဆိုလျှင် ထိုအတိုင်းပြုရန် တာဝန်ရှိ၏’ဟု ဆိုကြ၏။
19. မျက်မမြင်တို့၊ မည်သည့်အရာသည် ပို၍ကြီးမြတ်သနည်း။ ပူဇော်သက္ကာလော သို့မဟုတ် ပူဇော်သက္ကာကိုသန့်ရှင်းစေသည့် ယဇ်ပလ္လင်လော။
20. ထို့ကြောင့် ယဇ်ပလ္လင်ကို တိုင်တည်ပြောဆိုသောသူသည် ယဇ်ပလ္လင်နှင့်တကွ ၎င်းအပေါ်၌ရှိသမျှတို့ကို တိုင်တည်ပြောဆို၏။
21. ထို့အတူ ဗိမာန်တော်ကို တိုင်တည်ပြောဆိုသောသူသည် ဗိမာန်တော်နှင့်တကွ ၎င်းတွင်ကိန်းဝပ်တော်မူသောအရှင်ကို တိုင်တည်ပြောဆို၏။
22. ကောင်းကင်ကို တိုင်တည်ပြောဆိုသောသူသည်လည်း ဘုရားသခင်၏ပလ္လင်တော်နှင့်တကွ ၎င်းအပေါ်၌ ထိုင်တော်မူသောအရှင်ကို တိုင်တည်ပြောဆို၏။
23. သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဇီရာတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြ၏။ သို့သော် ပညတ်တရားထဲမှ ပို၍အရေးကြီးသော တရားမျှတခြင်း၊ ကရုဏာထားခြင်းနှင့် သစ္စာစောင့်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ချန်လှပ်မထားရ။
24. မျက်စိမမြင်သောလမ်းပြတို့၊ သင်တို့သည် မှက်ကောင်ကိုစစ်ထုတ်ကြသော်လည်း ကုလားအုပ်ကိုမူကား မျိုချကြ၏။
25. သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ခွက်နှင့်ပန်းကန်တို့၏အပြင်ဘက်ကို စင်ကြယ်စေကြသော်လည်း အတွင်း၌ကား မတရားလုယူခြင်းနှင့် ကိုယ့်အလိုသို့လိုက်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိကြ၏။
26. မျက်စိမမြင်သောဖာရိရှဲတို့၊ ခွက်၏အတွင်းဘက်ကို ဦးစွာစင်ကြယ်စေကြလော့။ ထိုသို့ပြုလျှင် ၎င်း၏အပြင်ဘက်လည်း စင်ကြယ်လာလိမ့်မည်။
27. သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ထုံးဖြူသုတ်ထားသည့် သင်္ချိုင်းဂူများနှင့်တူကြ၏။ ၎င်းတို့သည် အပြင်ဘက်၌ တင့်တယ်စွာထင်ရှားသော်လည်း အတွင်း၌ကား လူသေတို့၏အရိုးများနှင့် ညစ်ညူးသောအရာအမျိုးမျိုးတို့ဖြင့် ပြည့်နှက်လျက်ရှိကြ၏။