13. သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို လူတို့ရှေ့၌ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း ဝင်ခွင့်မပေးကြ။
14. [သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် မုဆိုးမတို့၏အိမ်ကို မတရားသိမ်းယူပြီး ဟန်ပြ၍ ရှည်လျားစွာဆုတောင်းတတ်ကြ၏။ ထို့ကြောင့် သင်တို့သည် ပို၍ကြီးလေးသောပြစ်ဒဏ်စီရင်ခြင်းကို ခံရကြလိမ့်မည်။]
15. သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် လူတစ်ဦးကို ဂျူးဘာသာဝင်ဖြစ်လာစေရန် ပင်လယ်နှင့်ကုန်းမြေတို့တွင် လှည့်လည်ကြပြီး ဘာသာဝင်ဖြစ်လာသောအခါ ထိုသူကို သင်တို့ထက် နှစ်ဆဆိုးသောငရဲသားဖြစ်စေကြ၏။
16. မျက်စိမမြင်သောလမ်းပြတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့က မည်သူမဆို ဗိမာန်တော်ကို တိုင်တည်ပြောဆိုလျှင် အကျုံးမဝင်။ သို့သော် ဗိမာန်တော်၏ရွှေကို တိုင်တည်ပြောဆိုလျှင် ထိုအတိုင်းပြုရန်တာဝန်ရှိ၏ဟု ဆိုကြ၏။
17. မိုက်မဲသောမျက်မမြင်တို့၊ မည်သည့်အရာသည် ပို၍ကြီးမြတ်သနည်း။ ထိုရွှေလော သို့မဟုတ် ထိုရွှေကိုသန့်ရှင်းစေသည့် ဗိမာန်တော်လော။
18. ထို့ပြင် သင်တို့က မည်သူမဆို ယဇ်ပလ္လင်ကို တိုင်တည်ပြောဆိုလျှင် အကျုံးမဝင်။ သို့သော် ယဇ်ပလ္လင်ပေါ်၌ရှိသော ပူဇော်သက္ကာကို တိုင်တည်ပြောဆိုလျှင် ထိုအတိုင်းပြုရန် တာဝန်ရှိ၏’ဟု ဆိုကြ၏။
19. မျက်မမြင်တို့၊ မည်သည့်အရာသည် ပို၍ကြီးမြတ်သနည်း။ ပူဇော်သက္ကာလော သို့မဟုတ် ပူဇော်သက္ကာကိုသန့်ရှင်းစေသည့် ယဇ်ပလ္လင်လော။
20. ထို့ကြောင့် ယဇ်ပလ္လင်ကို တိုင်တည်ပြောဆိုသောသူသည် ယဇ်ပလ္လင်နှင့်တကွ ၎င်းအပေါ်၌ရှိသမျှတို့ကို တိုင်တည်ပြောဆို၏။
21. ထို့အတူ ဗိမာန်တော်ကို တိုင်တည်ပြောဆိုသောသူသည် ဗိမာန်တော်နှင့်တကွ ၎င်းတွင်ကိန်းဝပ်တော်မူသောအရှင်ကို တိုင်တည်ပြောဆို၏။
22. ကောင်းကင်ကို တိုင်တည်ပြောဆိုသောသူသည်လည်း ဘုရားသခင်၏ပလ္လင်တော်နှင့်တကွ ၎င်းအပေါ်၌ ထိုင်တော်မူသောအရှင်ကို တိုင်တည်ပြောဆို၏။