1. ထို့နောက် ယေရှုသည် လူထုပရိသတ်များနှင့် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ
2. “ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့သည် မောရှေ၏ထိုင်ခုံပေါ်၌ ထိုင်နေကြ၏။
3. ထို့ကြောင့် သင်တို့အား သူတို့ပြောသမျှသောအရာအားလုံးကို ကျင့်သုံး၍ စောင့်ထိန်းကြလော့။ သို့သော် သူတို့ပြုသည့်အတိုင်း မပြုကြနှင့်။ အကြောင်းမူကား သူတို့သည် ပြောသော်လည်း မကျင့်သုံးကြ။
4. သူတို့သည် လေးလံ၍ ထမ်းရခက်သောဝန်များကို ထုပ်ပိုးလျက် လူတို့၏ပခုံးပေါ်တင်တတ်ကြ၏။ သူတို့ကိုယ်တိုင်ကမူ ၎င်းတို့ကို မိမိတို့၏လက်ဖျားနှင့်မျှ မရွှေ့လိုကြ။
5. သူတို့သည် မိမိတို့ပြုသမျှသောအမှုတို့ကို လူတို့မြင်စေရန်သာပြုကြ၏။ အကြောင်းမူကား သူတို့သည် မိမိတို့၏ကျမ်းလက်ဖွဲ့အဆောင်များကိုကြီးစွာလုပ်၍ ဝတ်ရုံပန်းဖွားများကို ရှည်လျားစွာထားကြ၏။
6. စားသောက်ပွဲများ၌ အထူးနေရာကိုလည်းကောင်း၊ ဝတ်ပြုစည်းဝေးကျောင်းများ၌ အထူးထိုင်ခုံများကိုလည်းကောင်း၊
7. ဈေးအရပ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊ သူတို့ကိုရဗ္ဗိဟုလူတို့ခေါ်ဝေါ်ကြသည်ကိုလည်းကောင်း နှစ်သက်ကြ၏။
8. သို့သော် သင်တို့သည် ရဗ္ဗိဟုခေါ်ဝေါ်ခြင်းကိုမခံကြနှင့်။ အကြောင်းမူကား သင်တို့၏ဆရာသည် တစ်ပါးတည်းသာရှိ၍ သင်တို့အားလုံးသည် ညီအစ်ကိုများဖြစ်ကြ၏။
9. မြေကြီးပေါ်၌ မည်သူ့ကိုမျှ အဖဟူ၍လည်း မခေါ်ကြနှင့်။ အကြောင်းမူကား သင်တို့တွင် ကောင်းကင်ဘုံရှင် အဖတစ်ပါးတည်းရှိတော်မူ၏။