23. ကိုယ်တော်ကလည်း “ငါ၏ခွက်ကို သင်တို့သောက်ကြမည်မှန်၏။ သို့သော် ငါ၏လက်ယာဘက်နှင့်လက်ဝဲဘက်တို့၌ ထိုင်ရသောအခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာသည် ငါ၏ခမည်းတော်ပြင်ဆင်ပေးထားသောသူတို့အတွက်သာဖြစ်၏”ဟု မိန့်တော်မူ၏။
24. တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကိုကြားသိလျှင် ထိုညီအစ်ကိုနှစ်ဦးတို့ကို စိတ်ဆိုးကြ၏။
25. သို့သော် ယေရှုသည် သူတို့ကိုခေါ်လျက် “လူမျိုးခြားတို့တွင် အုပ်ချုပ်သူတို့သည် ပြည်သူတို့အပေါ်စိုးမိုးခြယ်လှယ်ကြ၍ အကြီးအကဲတို့သည် သူတို့အပေါ်အာဏာသုံးတတ်ကြသည်ကို သင်တို့သိကြ၏။
26-28. သင်တို့အထဲ၌မူကား ထိုသို့မဖြစ်ရ။ လူ့သားသည် လုပ်ကျွေးပြုစုခြင်းကိုခံရန်မဟုတ်ဘဲ လုပ်ကျွေးပြုစုရန်နှင့် များစွာသောသူတို့အတွက် ရွေးနုတ်စရာအဖိုးအခအဖြစ် မိမိအသက်ကိုစွန့်ရန်လာသကဲ့သို့ သင်တို့တွင် အကြီးအကဲဖြစ်လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။ သင်တို့တွင် ခေါင်းဆောင်ဖြစ်လိုသောသူသည် သင်တို့၏အစေအပါးဖြစ်ရမည်”ဟု မိန့်တော်မူ၏။
29. ထို့နောက် သူတို့သည် ဂျေရိခေါမြို့မှ ထွက်ခွာလာကြရာ များစွာသောလူထုပရိသတ်သည် နောက်တော်သို့လိုက်ကြ၏။
30. ထိုစဉ် လမ်းဘေးတွင် ထိုင်နေသော မျက်မမြင်နှစ်ဦးသည် ယေရှုဖြတ်သွားတော်မူကြောင်းကြား၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု အော်ဟစ်ကြ၏။
31. လူထုပရိသတ်သည် သူတို့ကိုတိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူတို့သည် “သခင်ဘုရား၊ ဒါဝိဒ်၏သားတော် အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု ပို၍အော်ဟစ်ကြ၏။
32. ထိုအခါ ယေရှုသည် ရပ်တန့်လျက် သူတို့ကိုခေါ်၍ “သင်တို့အတွက် မည်သည့်အမှုကို ပြုစေလိုကြသနည်း”ဟု မေးတော်မူ၏။
33. သူတို့ကလည်း “အကျွန်ုပ်တို့ကို မျက်စိမြင်အောင် ပြုလုပ်ပေးစေလိုပါ၏ သခင်ဘုရား”ဟု လျှောက်ကြ၏။
34. ယေရှုသည် ကြင်နာစိတ်ရှိ၍ သူတို့၏မျက်စိကို တို့တော်မူ၏။ ထိုခဏချင်းတွင် သူတို့သည် မျက်စိမြင်၍ နောက်တော်သို့လိုက်သွားကြ၏။