ရှင်​မဿဲ​ခ​ရစ်​ဝင် 20:22-34 Myanmar Standard Bible (MSB)

22. သို့​သော် ယေ​ရှု​က “သင်​တို့​သည် မည်​သည့်​အ​ရာ​တောင်း​နေ​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​မည့်​ခွက်​ကို သင်​တို့​သောက်​နိုင်​သ​လော”​ဟု မေး​တော်​မူ​လျှင် သူ​တို့​က “အ​ကျွန်ုပ်​တို့​သောက်​နိုင်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။

23. ကိုယ်​တော်​က​လည်း “ငါ​၏​ခွက်​ကို သင်​တို့​သောက်​ကြ​မည်​မှန်​၏။ သို့​သော် ငါ​၏​လက်​ယာ​ဘက်​နှင့်​လက်​ဝဲ​ဘက်​တို့​၌ ထိုင်​ရ​သော​အ​ခွင့်​ကို ငါ​ပေး​သည်​မ​ဟုတ်။ ထို​နေ​ရာ​သည် ငါ​၏​ခ​မည်း​တော်​ပြင်​ဆင်​ပေး​ထား​သော​သူ​တို့​အ​တွက်​သာ​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

24. တ​ပည့်​တော်​ဆယ်​ပါး​တို့​သည် ဤ​အ​ကြောင်း​ကို​ကြား​သိ​လျှင် ထို​ညီ​အစ်​ကို​နှစ်​ဦး​တို့​ကို စိတ်​ဆိုး​ကြ​၏။

25. သို့​သော် ယေ​ရှု​သည် သူ​တို့​ကို​ခေါ်​လျက် “လူ​မျိုး​ခြား​တို့​တွင် အုပ်​ချုပ်​သူ​တို့​သည် ပြည်​သူ​တို့​အ​ပေါ်​စိုး​မိုး​ခြယ်​လှယ်​ကြ​၍ အ​ကြီး​အ​ကဲ​တို့​သည် သူ​တို့​အ​ပေါ်​အာ​ဏာ​သုံး​တတ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။

26-28. သင်​တို့​အ​ထဲ​၌​မူ​ကား ထို​သို့​မ​ဖြစ်​ရ။ လူ့​သား​သည် လုပ်​ကျွေး​ပြု​စု​ခြင်း​ကို​ခံ​ရန်​မ​ဟုတ်​ဘဲ လုပ်​ကျွေး​ပြု​စု​ရန်​နှင့် များ​စွာ​သော​သူ​တို့​အ​တွက် ရွေး​နုတ်​စ​ရာ​အ​ဖိုး​အ​ခ​အ​ဖြစ် မိ​မိ​အ​သက်​ကို​စွန့်​ရန်​လာ​သ​ကဲ့​သို့ သင်​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​လို​သော​သူ​သည် သင်​တို့​၏​အ​စေ​ခံ​ဖြစ်​ရ​မည်။ သင်​တို့​တွင် ခေါင်း​ဆောင်​ဖြစ်​လို​သော​သူ​သည် သင်​တို့​၏​အ​စေ​အ​ပါး​ဖြစ်​ရ​မည်”​ဟု မိန့်​တော်​မူ​၏။

29. ထို့​နောက် သူ​တို့​သည် ဂျေ​ရိ​ခေါ​မြို့​မှ ထွက်​ခွာ​လာ​ကြ​ရာ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​သည် နောက်​တော်​သို့​လိုက်​ကြ​၏။

30. ထို​စဉ် လမ်း​ဘေး​တွင် ထိုင်​နေ​သော မျက်​မ​မြင်​နှစ်​ဦး​သည် ယေ​ရှု​ဖြတ်​သွား​တော်​မူ​ကြောင်း​ကြား​၍ “သ​ခင်​ဘု​ရား၊ ဒါ​ဝိဒ်​၏​သား​တော်၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ”​ဟု အော်​ဟစ်​ကြ​၏။

31. လူ​ထု​ပ​ရိ​သတ်​သည် သူ​တို့​ကို​တိတ်​ဆိတ်​စွာ​နေ​ရန် ဆူ​ငေါက်​ကြ​၏။ သို့​သော် သူ​တို့​သည် “သ​ခင်​ဘု​ရား၊ ဒါ​ဝိဒ်​၏​သား​တော် အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ”​ဟု ပို​၍​အော်​ဟစ်​ကြ​၏။

32. ထို​အ​ခါ ယေ​ရှု​သည် ရပ်​တန့်​လျက် သူ​တို့​ကို​ခေါ်​၍ “သင်​တို့​အ​တွက် မည်​သည့်​အ​မှု​ကို ပြု​စေ​လို​ကြ​သ​နည်း”​ဟု မေး​တော်​မူ​၏။

33. သူ​တို့​က​လည်း “အ​ကျွန်ုပ်​တို့​ကို မျက်​စိ​မြင်​အောင် ပြု​လုပ်​ပေး​စေ​လို​ပါ​၏ သ​ခင်​ဘု​ရား”​ဟု လျှောက်​ကြ​၏။

34. ယေ​ရှု​သည် ကြင်​နာ​စိတ်​ရှိ​၍ သူ​တို့​၏​မျက်​စိ​ကို တို့​တော်​မူ​၏။ ထို​ခ​ဏ​ချင်း​တွင် သူ​တို့​သည် မျက်​စိ​မြင်​၍ နောက်​တော်​သို့​လိုက်​သွား​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 20