1. ကောင်းကင်နိုင်ငံတော်သည် မိမိ၏စပျစ်ခြံအတွက် အလုပ်သမားများကိုငှားရန် နံနက်စောစောထွက်သွားသည့် ခြံပိုင်ရှင်နှင့်တူ၏။
2. သူသည် တစ်နေ့လျှင် ဒေနာရိတစ်ပြားနှုန်းဖြင့် အလုပ်သမားများနှင့်သဘောတူလျက် သူတို့ကို မိမိ၏စပျစ်ခြံသို့ စေလွှတ်လေ၏။
3. ထို့နောက် သူသည် နံနက်ကိုးနာရီခန့်တွင်ထွက်သွားရာ အခြားသောသူတို့သည် အလုပ်မလုပ်ဘဲ ဈေးအရပ်၌ရပ်နေကြသည်ကို တွေ့မြင်လျှင်
4. ထိုသူတို့အား ‘သင်တို့လည်း စပျစ်ခြံသို့သွားကြလော့။ ထိုက်သင့်သည့်လုပ်အားခကို သင်တို့အား ငါပေးမည်’ဟု ဆိုသဖြင့် သူတို့သည်သွားကြ၏။
5. တစ်ဖန် မွန်းတည့်ချိန်နှင့် မွန်းလွဲသုံးနာရီအချိန်ခန့်တို့တွင်လည်း ထွက်၍ ထိုနည်းတူပြုလေ၏။
6. ညနေငါးနာရီခန့်တွင်လည်း ထွက်၍ အခြားသောသူတို့ရပ်နေကြသည်ကိုတွေ့သဖြင့် ‘အဘယ်ကြောင့်အလုပ်မလုပ်ဘဲ ဤနေရာ၌ တစ်နေ့လုံးရပ်နေကြသနည်း’ဟု မေးလေ၏။
7. ထိုသူတို့ကလည်း ‘မည်သူမျှ အကျွန်ုပ်တို့ကို မငှားသောကြောင့်ဖြစ်ပါသည်’ဟု ဖြေကြလျှင် ခြံပိုင်ရှင်က ‘သင်တို့သည်လည်း စပျစ်ခြံသို့သွားကြလော့’ဟု ဆိုလေ၏။
8. ညနေချမ်းအချိန်ရောက်သောအခါ စပျစ်ခြံပိုင်ရှင်က သူ၏အိမ်မှုကိစ္စစီမံကွပ်ကဲသူအား ‘အလုပ်သမားများကိုခေါ်၍ နောက်ဆုံးလာသောသူတို့ကစပြီး ပထမဦးဆုံးလာသောသူတို့အထိ သူတို့၏လုပ်အားခကိုပေးလော့’ဟု ဆိုလေ၏။
9. ထိုအခါ ညနေငါးနာရီခန့်တွင်ငှားထားသောသူတို့သည် လာ၍ ဒေနာရိတစ်ပြားစီရကြ၏။
10. ပထမဦးဆုံးငှားထားသောသူတို့သည်လည်း လာကြကာ မိမိတို့ပို၍ရလိမ့်မည်ဟု ထင်ကြ၏။ သို့သော် သူတို့သည်လည်း ဒေနာရိတစ်ပြားစီရကြ၏။