1. ဟေရုဒ်မင်းကြီးလက်ထက်တွင် ယုဒပြည်၊ ဗက်လင်မြို့၌ ယေရှုဖွားမြင်ခြင်းကိုခံတော်မူပြီးနောက် အရှေ့ပြည်မှ နက္ခတ်ပညာရှင်တို့သည် ဂျေရုဆလင်မြို့သို့ ရောက်လာကြ၍
2. “ဖွားမြင်တော်မူသော ဂျူးလူမျိုးတို့၏ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို အကျွန်ုပ်တို့မြင်ခဲ့ရသဖြင့် သူ့ကိုရှိခိုးရန် လာကြပါ၏”ဟု မေးမြန်းပြောဆိုကြ၏။
3. ထိုစကားကိုကြားလျှင် ဟေရုဒ်မင်းကြီးသည် တုန်လှုပ်ချောက်ချားလေ၏။ ဂျေရုဆလင်တစ်မြို့လုံးသည်လည်း မင်းကြီးနှင့်အတူ တုန်လှုပ်ချောက်ချားကြ၏။
4. ထိုအခါ မင်းကြီးသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှကျမ်းပြုဆရာအပေါင်းတို့ကိုစုဝေးစေ၍ ခရစ်တော်သည် မည်သည့်အရပ်၌ဖွားမြင်မည်ကို သူတို့အား မေးမြန်းလေ၏။
5. သူတို့ကလည်း “ယုဒပြည်၊ ဗက်လင်မြို့၌ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်
6. ‘အို ယုဒပြည်၊ ဗက်လင်မြို့၊ သင်သည် ယုဒပြည်ကိုအုပ်ချုပ်သောမြို့တို့တွင် အသေးသိမ်ဆုံးမဟုတ်။ အကြောင်းမူကား ငါ၏လူမျိုးတော်အစ္စရေးကို အုပ်ထိန်းမည့်ခေါင်းဆောင်တစ်ဦးသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်’ဟူ၍ ပရောဖက်က ရေးထားသောကြောင့်ဖြစ်သည်”ဟု လျှောက်ထားကြ၏။
7. ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့ကို တိတ်တဆိတ်ခေါ်၍ ကြယ်ပေါ်ထွန်းသည့်အချိန်ကာလကို သူတို့ထံမှ သေချာစွာလေ့လာစိစစ်ပြီးမှ
8. “သွား၍ သူငယ်တော်ကို သေချာစွာရှာဖွေစုံစမ်းကြလော့။ သင်တို့တွေ့သောအခါ ငါသည်လည်းသွား၍ သူ့ကိုရှိခိုးနိုင်ရန် ငါ့ကိုအကြောင်းကြားကြလော့”ဟု မိန့်မှာလျက် သူတို့ကို ဗက်လင်မြို့သို့ စေလွှတ်လေ၏။
9. သူတို့သည် မင်းကြီး၏မိန့်မှာချက်ကိုနားထောင်ပြီးမှ ထွက်သွားကြရာ အရှေ့ပြည်၌ သူတို့တွေ့ခဲ့သောကြယ်သည် သူငယ်တော်ရှိသည့်နေရာပေါ်ရောက်၍ ရပ်သည့်တိုင်အောင် သူတို့ရှေ့မှသွားလေ၏။
10. သူတို့သည် ထိုကြယ်ကိုမြင်သောအခါ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ကြပြီး
11. အိမ်ထဲသို့ဝင်၍ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့လျှင် ပျပ်ဝပ်လျက်ရှိခိုးကြ၏။ သူတို့၏ဘဏ္ဍာကြုတ်များကိုလည်းဖွင့်၍ ရွှေ၊ လော်ဗန်နှင့် မုရန်တည်းဟူသော လက်ဆောင်များကို သူငယ်တော်အားဆက်သကြ၏။
12. ထို့နောက် ဟေရုဒ်မင်းကြီးထံသို့ ပြန်မသွားမည့်အကြောင်း အိပ်မက်ထဲတွင် ဗျာဒိတ်တော်ရသဖြင့် မိမိတို့တိုင်းပြည်သို့ အခြားသောလမ်းဖြင့်ပြန်သွားကြ၏။
13. ထိုသူတို့ထွက်သွားကြပြီးနောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယောသပ်အား အိပ်မက်ထဲတွင်ထင်ရှား၍ “ထလော့။ သူငယ်တော်နှင့်မယ်တော်တို့ကိုခေါ်လျက် အီဂျစ်ပြည်သို့ထွက်ပြေး၍ နောက်တစ်ဖန် သင့်အားငါပြောသည့်တိုင်အောင် ထိုပြည်၌နေလော့။ အကြောင်းမူကား ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို ရှာ၍သတ်ရန် ကြံရွယ်နေ၏”ဟု မြွက်ဆိုလေ၏။