1. ယေရှုသည် ဤတရားစကားတို့ကို မိန့်တော်မူပြီးသောအခါ ဂါလိလဲနယ်မှထွက်ခွာ၍ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ယုဒနယ်ဆိုင်ရာအရပ်ဒေသသို့ ကြွတော်မူ၏။
2. များစွာသောလူထုပရိသတ်တို့သည်လည်း နောက်တော်သို့လိုက်ကြသဖြင့် ကိုယ်တော်သည် ထိုအရပ်၌ သူတို့ကို ကျန်းမာစေတော်မူ၏။
3. ထိုအခါ ဖာရိရှဲအချို့တို့သည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် အထံတော်သို့ချဉ်းကပ်လာ၍ “လူသည် မည်သည့်အကြောင်းကြောင့်မဆို မိမိမယားကို ကွာရှင်းခြင်းသည် တရားတော်နှင့်ညီသလော”ဟု မေးလျှောက်ကြ၏။
4. ကိုယ်တော်ကလည်း “ဖန်ဆင်းတော်မူသောအရှင်သည် အစအဦးကပင် သူတို့ကို ယောက်ျားနှင့်မိန်းမအဖြစ် ဖန်ဆင်းတော်မူလျက်
5. ‘ထိုအကြောင်းကြောင့် ယောက်ျားသည် မိမိ၏မိခင်နှင့်ဖခင်တို့ကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖော်သဖြင့် ထိုသူနှစ်ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်’ဟု မိန့်တော်မူခဲ့ကြောင်း သင်တို့မဖတ်ဖူးကြသလော။
6. သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်းဖြစ်ကြ၏။ ထို့ကြောင့် ဘုရားသခင်တွဲဖက်၍ ထမ်းပိုးတင်တော်မူသောအရာကို လူက မကွဲကွာစေနှင့်”ဟု မိန့်တော်မူ၏။
7. ဖာရိရှဲတို့က “သို့ဖြစ်လျှင် ဖြတ်စာကိုပေး၍ မယားကိုကွာရှင်းရန် အဘယ်ကြောင့် မောရှေသည် ပညတ်ခဲ့သနည်း”ဟု မေးလျှောက်ကြ၏။
8. ကိုယ်တော်ကလည်း “သင်တို့၏စိတ်နှလုံးမာကျောသောကြောင့် မောရှေသည် သင်တို့အား မယားကိုကွာရှင်းခွင့်ပြုခဲ့၏။ သို့သော် အစအဦးမှစ၍ ထိုကဲ့သို့ဖြစ်သည်မဟုတ်။
9. သို့ဖြစ်၍ သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းကြောင့်မဟုတ်ဘဲ မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏”ဟု မိန့်တော်မူ၏။
10. တပည့်တော်တို့က “လင်နှင့်မယားတို့၏ဆက်နွှယ်မှုသည် ထိုသို့ဖြစ်လျှင် အိမ်ထောင်မပြုဘဲနေခြင်းသည် သာ၍ကောင်းပါ၏”ဟု လျှောက်ကြ၏။