12. သို့သော် သင်တို့အား ငါဆိုသည်ကား ဧလိယသည်ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့သည် သူ့ကိုမသိကြဘဲ သူ့အပေါ်ပြုလိုရာပြုခဲ့ကြပြီ။ ထိုနည်းတူ လူ့သားသည်လည်း သူတို့လက်၌ ဒုက္ခဝေဒနာခံစားရတော့မည်”ဟု ပြန်၍ မိန့်တော်မူ၏။
13. ထိုအခါ တပည့်တော်တို့သည် ဗတ္တိဇံဆရာယောဟန်ကိုရည်ညွှန်း၍ မိမိတို့အား ကိုယ်တော်မိန့်တော်မူကြောင်း သဘောပေါက်ကြ၏။
14. ထို့နောက် လူထုပရိသတ်ရှိရာသို့ရောက်လာကြရာ လူတစ်ဦးသည် ကိုယ်တော်ထံ ချဉ်းကပ်လာ၍ ရှေ့တော်၌ ဒူးထောက်ကာ
15. “သခင်ဘုရား၊ အကျွန်ုပ်၏သားကိုသနားတော်မူပါ။ အကြောင်းမှာ သူသည် ဝက်ရူးပြန်ရောဂါစွဲ၍ ဝေဒနာပြင်းထန်စွာခံစားနေရပါ၏။ မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း မကြာခဏ လဲကျတတ်ပါ၏။
16. သို့ဖြစ်၍ သူ့ကို ကိုယ်တော်၏တပည့်တော်တို့ထံသို့ ခေါ်ဆောင်လာသော်လည်း သူတို့သည် သူ့ကိုမကျန်းမာစေနိုင်ကြပါ”ဟု လျှောက်လေ၏။
17. ယေရှုကလည်း “အို ယုံကြည်ခြင်းမရှိ ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံ ဤနေရာသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။
18. ထို့နောက် ယေရှုသည် နတ်ဆိုးကိုဆုံးမတော်မူလျှင် နတ်ဆိုးသည် သူငယ်ထံမှထွက်သွားသဖြင့် သူငယ်သည် ထိုအချိန်မှစ၍ ကျန်းမာလာလေ၏။
19. ထိုအခါ တပည့်တော်တို့သည် သူတို့ချည်းသာယေရှုထံသို့ ချဉ်းကပ်လာ၍ “အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်း”ဟု မေးလျှောက်ကြ၏။
20. ကိုယ်တော်ကလည်း “သင်တို့၏မယုံကြည်မှုကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှ ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ဟု ပြောလျှင် ၎င်းသည် ရွေ့သွားလိမ့်မည်။ သင်တို့အတွက် မဖြစ်နိုင်သောအရာလည်း တစ်စုံတစ်ခုမျှရှိမည်မဟုတ်။
21. [သို့သော် ထိုနတ်မျိုးသည် ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းအားဖြင့်မဟုတ်လျှင် မထွက်တတ်]”ဟု မိန့်တော်မူ၏။
22. သူတို့သည် ဂါလိလဲနယ်၌စုရုံးနေကြစဉ် ယေရှုက “လူ့သားသည် လူတို့၏လက်သို့အပ်နှံခြင်းခံရတော့မည်။
23. လူတို့သည်လည်း သူ့ကိုသတ်ကြလိမ့်မည်။ ထို့နောက် သုံးရက်မြောက်သောနေ့၌ သူသည် ထမြောက်လိမ့်မည်”ဟု မိန့်တော်မူရာ တပည့်တော်တို့သည် အလွန်ဝမ်းနည်းကြ၏။