27. ထိုအမျိုးသမီးကမူ “မှန်ပါ၏ သခင်ဘုရား။ သို့ရာတွင် ခွေးကလေးများပင်လျှင် သူတို့သခင်၏စားပွဲမှကျသော စားနုပ်စားပေါက်များကို စားကြရပါ၏”ဟု လျှောက်လေ၏။
28. ထိုအခါ ယေရှုက “အို အမျိုးသမီး၊ သင်၏ယုံကြည်ခြင်းသည် ကြီးမားလှပေ၏။ သင်အလိုရှိသည့်အတိုင်း သင်၌ဖြစ်စေ”ဟု မိန့်တော်မူရာ သူ၏သမီးသည် ထိုအချိန်နာရီမှစ၍ ကျန်းမာလာလေ၏။
29. ထို့နောက် ယေရှုသည် ထိုနေရာမှ ထွက်ခွာလျက် ဂါလိလဲပင်လယ်ကမ်းနားသို့ ကြွတော်မူပြီးလျှင် တောင်ပေါ်သို့တက်ကာ ထိုအရပ်၌ထိုင်တော်မူ၏။
30. ထိုအခါ များစွာသောလူထုပရိသတ်တို့သည် ခြေမသန်စွမ်းသူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများ၊ ဆွံ့အသူများနှင့် အခြားရောဂါသည်အမြောက်အမြားတို့ကို မိမိတို့နှင့်အတူခေါ်ဆောင်၍ အထံတော်သို့လာကြကာ ခြေတော်ရင်း၌ချထားကြသဖြင့် ကိုယ်တော်သည် သူတို့ကိုကျန်းမာစေတော်မူ၏။
31. လူထုပရိသတ်တို့သည် ဆွံ့အသူများ စကားပြောကြသည်ကိုလည်းကောင်း၊ ကိုယ်အင်္ဂါချို့တဲ့သူများ အကောင်းပကတိဖြစ်ကြသည်ကိုလည်းကောင်း၊ ခြေမသန်စွမ်းသူများ လမ်းလျှောက်ကြသည်ကိုလည်းကောင်း၊ မျက်မမြင်များ မျက်စိမြင်ကြသည်ကိုလည်းကောင်း တွေ့မြင်လျက် အံ့သြကြကာ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းတော်ကိုချီးမွမ်းကြ၏။
32. ထိုအခါ ယေရှုသည် တပည့်တော်တို့ကိုခေါ်၍ “ဤလူထုပရိသတ်ကို ငါသနား၏။ အကြောင်းမူကား သူတို့သည် သုံးရက်တိုင်တိုင် ငါနှင့်အတူရှိကြပြီး သူတို့၌ မည်သည့်စားစရာမျှမရှိ။ သူတို့ကိုဘာမျှမကျွေးဘဲ ပြန်သွားစေရန် ငါအလိုမရှိ။ ထိုသို့ပြန်စေလျှင် သူတို့သည် လမ်းခရီး၌ အားပြတ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
33. တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့သည် ဤမျှလောက်များပြားသောလူထုပရိသတ်အား ဝလင်စွာကျွေးနိုင်လောက်သည့် များစွာသောမုန့်ကို ဤတောကန္တာရ၌ အဘယ်ကရနိုင်ပါမည်နည်း”ဟု လျှောက်ကြ၏။
34. ယေရှုကလည်း “သင်တို့တွင် မုန့်မည်မျှရှိသနည်း”ဟု မေးတော်မူရာ သူတို့က “မုန့်ခုနစ်လုံးနှင့် ငါးကလေးအနည်းငယ်ရှိပါသည်”ဟု ပြန်လျှောက်ကြ၏။
35. ထိုအခါ ကိုယ်တော်သည် လူထုပရိသတ်ကို မြေပေါ်၌ထိုင်ကြရန် မိန့်မှာတော်မူလျက်
36. မုန့်ခုနစ်လုံးနှင့် ငါးတို့ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် ၎င်းတို့ကိုဖဲ့ကာ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူထုပရိသတ်တို့အား ဝေပေးကြ၏။