13. ကိုယ်တော်ကလည်း “ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်မစိုက်သောအပင်ရှိသမျှသည် အမြစ်ပါမကျန် ဆွဲနုတ်ခြင်းခံရလိမ့်မည်။
14. သူတို့ရှိကြပါလေစေ။ သူတို့သည် မျက်မမြင်တို့ကိုလမ်းပြသော မျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်သည် မျက်မမြင်ကိုလမ်းပြလျှင် နှစ်ဦးစလုံး တွင်းထဲသို့ကျလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
15. ထိုအခါ ပေတရုက “ထိုပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်လျှင်
16. ကိုယ်တော်က “သင်တို့သည်လည်း ယခုတိုင်အောင် အသိတရားကင်းမဲ့လျက်နေကြသလော။
17. ခံတွင်းသို့ဝင်သမျှသောအရာသည် ဝမ်းထဲသို့ရောက်ပြီးလျှင် ရေအိမ်ထဲစွန့်ခြင်းခံရသည်ကို သင်တို့မသိကြသလော။
18. ခံတွင်းမှထွက်လာသည့်အရာများမူကား စိတ်နှလုံးထဲမှထွက်လာပြီး လူကိုညစ်ညူးစေ၏။
19. အကြောင်းမူကား မကောင်းသောတွေးတောဆင်ခြင်မှုများ၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်းနှင့် စော်ကားပြောဆိုခြင်းတို့သည် စိတ်နှလုံးထဲမှထွက်လာကြ၏။
20. ဤအရာများသည် လူကိုညစ်ညူးစေကြ၏။ သို့သော် မဆေးထားသောလက်ဖြင့် အစာစားခြင်းသည် လူကိုညစ်ညူးစေသည်မဟုတ်”ဟု မိန့်တော်မူ၏။
21. ထို့နောက် ယေရှုသည် ထိုအရပ်မှ ထွက်ခွာ၍ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၏နယ်မြေဒေသများသို့ ကြွတော်မူ၏။
22. ထိုအခါ ထိုအရပ်ဒေသမှ ခါနာန်အမျိုးသမီးတစ်ဦးသည် ထွက်လာ၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူး၍ ပြင်းထန်စွာခံစားနေရပါ၏”ဟု အော်ဟစ်လျှောက်ထားလေ၏။
23. သို့သော် ကိုယ်တော်သည် သူ့ကိုတစ်ခွန်းမျှ ဖြေကြားတော်မမူ။ ထိုအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ “ဤအမျိုးသမီးသည် အကျွန်ုပ်တို့နောက်မှလိုက်လာပြီး အော်ဟစ်နေပါသဖြင့် သူ့ကိုပြန်သွားစေတော်မူပါ”ဟု လျှောက်ကြ၏။
24. ကိုယ်တော်ကလည်း “ငါသည် အစ္စရေးအမျိုး၏ပျောက်ဆုံးသောသိုးများထံသို့သာ စေလွှတ်ခြင်းခံရ၏”ဟု ပြန်၍မိန့်တော်မူ၏။
25. သို့သော် ထိုအမျိုးသမီးသည်လာ၍ ကိုယ်တော်ကိုရှိခိုးလျက် “သခင်ဘုရား၊ ကျွန်မကိုကူညီမစတော်မူပါ”ဟု လျှောက်လေ၏။
26. ကိုယ်တော်ကလည်း “သားသမီးတို့၏အစာကိုယူ၍ ခွေးကလေးတို့အားချပေးခြင်းသည် မကောင်းမသင့်ပါ”ဟု ပြန်၍မိန့်တော်မူ၏။