12. ထိုအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာလျက် “ဖာရိရှဲတို့သည် မိန့်တော်မူသောစကားတို့ကိုကြား၍ ဘဝင်မကျဖြစ်ကြသည်ကို ကိုယ်တော်သိတော်မူပါသလော”ဟု လျှောက်ကြ၏။
13. ကိုယ်တော်ကလည်း “ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်မစိုက်သောအပင်ရှိသမျှသည် အမြစ်ပါမကျန် ဆွဲနုတ်ခြင်းခံရလိမ့်မည်။
14. သူတို့ရှိကြပါလေစေ။ သူတို့သည် မျက်မမြင်တို့ကိုလမ်းပြသော မျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်သည် မျက်မမြင်ကိုလမ်းပြလျှင် နှစ်ဦးစလုံး တွင်းထဲသို့ကျလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
15. ထိုအခါ ပေတရုက “ထိုပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်လျှင်
16. ကိုယ်တော်က “သင်တို့သည်လည်း ယခုတိုင်အောင် အသိတရားကင်းမဲ့လျက်နေကြသလော။
17. ခံတွင်းသို့ဝင်သမျှသောအရာသည် ဝမ်းထဲသို့ရောက်ပြီးလျှင် ရေအိမ်ထဲစွန့်ခြင်းခံရသည်ကို သင်တို့မသိကြသလော။
18. ခံတွင်းမှထွက်လာသည့်အရာများမူကား စိတ်နှလုံးထဲမှထွက်လာပြီး လူကိုညစ်ညူးစေ၏။
19. အကြောင်းမူကား မကောင်းသောတွေးတောဆင်ခြင်မှုများ၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်းနှင့် စော်ကားပြောဆိုခြင်းတို့သည် စိတ်နှလုံးထဲမှထွက်လာကြ၏။
20. ဤအရာများသည် လူကိုညစ်ညူးစေကြ၏။ သို့သော် မဆေးထားသောလက်ဖြင့် အစာစားခြင်းသည် လူကိုညစ်ညူးစေသည်မဟုတ်”ဟု မိန့်တော်မူ၏။