ရှင်​မဿဲ​ခ​ရစ်​ဝင် 15:11-31 Myanmar Standard Bible (MSB)

11. ခံ​တွင်း​သို့​ဝင်​သော​အ​ရာ​သည် လူ​ကို​ညစ်​ညူး​စေ​သည်​မ​ဟုတ်။ ခံ​တွင်း​မှ​ထွက်​လာ​သော​အ​ရာ​က​သာ လူ​ကို​ညစ်​ညူး​စေ​၏”​ဟု မိန့်​တော်​မူ​၏။

12. ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​လျက် “ဖာ​ရိ​ရှဲ​တို့​သည် မိန့်​တော်​မူ​သော​စ​ကား​တို့​ကို​ကြား​၍ ဘ​ဝင်​မ​ကျ​ဖြစ်​ကြ​သည်​ကို ကိုယ်​တော်​သိ​တော်​မူ​ပါ​သ​လော”​ဟု လျှောက်​ကြ​၏။

13. ကိုယ်​တော်​က​လည်း “ကောင်း​ကင်​ဘုံ​ရှင် ငါ့​ခ​မည်း​တော်​မ​စိုက်​သော​အ​ပင်​ရှိ​သ​မျှ​သည် အ​မြစ်​ပါ​မ​ကျန် ဆွဲ​နုတ်​ခြင်း​ခံ​ရ​လိမ့်​မည်။

14. သူ​တို့​ရှိ​ကြ​ပါ​လေ​စေ။ သူ​တို့​သည် မျက်​မ​မြင်​တို့​ကို​လမ်း​ပြ​သော မျက်​မ​မြင်​များ​ဖြစ်​ကြ​၏။ မျက်​မ​မြင်​သည် မျက်​မ​မြင်​ကို​လမ်း​ပြ​လျှင် နှစ်​ဦး​စ​လုံး တွင်း​ထဲ​သို့​ကျ​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

15. ထို​အ​ခါ ပေ​တ​ရု​က “ထို​ပုံ​ဥ​ပ​မာ​ကို အ​ကျွန်ုပ်​တို့​အား​ရှင်း​ပြ​တော်​မူ​ပါ”​ဟု လျှောက်​လျှင်

16. ကိုယ်​တော်​က “သင်​တို့​သည်​လည်း ယ​ခု​တိုင်​အောင် အ​သိ​တ​ရား​ကင်း​မဲ့​လျက်​နေ​ကြ​သ​လော။

17. ခံ​တွင်း​သို့​ဝင်​သ​မျှ​သော​အ​ရာ​သည် ဝမ်း​ထဲ​သို့​ရောက်​ပြီး​လျှင် ရေ​အိမ်​ထဲ​စွန့်​ခြင်း​ခံ​ရ​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။

18. ခံ​တွင်း​မှ​ထွက်​လာ​သည့်​အ​ရာ​များ​မူ​ကား စိတ်​နှ​လုံး​ထဲ​မှ​ထွက်​လာ​ပြီး လူ​ကို​ညစ်​ညူး​စေ​၏။

19. အ​ကြောင်း​မူ​ကား မ​ကောင်း​သော​တွေး​တော​ဆင်​ခြင်​မှု​များ၊ လူ​သတ်​ခြင်း၊ အိမ်​ထောင်​ရေး​ဖောက်​ပြန်​မှု​ကို​ကျူး​လွန်​ခြင်း၊ တ​ရား​နှင့်​မ​ညီ​မေ​ထုန်​ပြု​ခြင်း၊ ခိုး​ယူ​ခြင်း၊ မ​မှန်​သော​သက်​သေ​ထွက်​ဆို​ခြင်း​နှင့် စော်​ကား​ပြော​ဆို​ခြင်း​တို့​သည် စိတ်​နှ​လုံး​ထဲ​မှ​ထွက်​လာ​ကြ​၏။

20. ဤ​အ​ရာ​များ​သည် လူ​ကို​ညစ်​ညူး​စေ​ကြ​၏။ သို့​သော် မ​ဆေး​ထား​သော​လက်​ဖြင့် အ​စာ​စား​ခြင်း​သည် လူ​ကို​ညစ်​ညူး​စေ​သည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

21. ထို့​နောက် ယေ​ရှု​သည် ထို​အ​ရပ်​မှ ထွက်​ခွာ​၍ တိုင်​ရာ​မြို့​နှင့်​ဆီ​ဒုန်​မြို့​တို့​၏​နယ်​မြေ​ဒေ​သ​များ​သို့ ကြွ​တော်​မူ​၏။

22. ထို​အ​ခါ ထို​အ​ရပ်​ဒေ​သ​မှ ခါ​နာန်​အ​မျိုး​သ​မီး​တစ်​ဦး​သည် ထွက်​လာ​၍ “သ​ခင်​ဘု​ရား၊ ဒါ​ဝိဒ်​၏​သား​တော်၊ ကျွန်​မ​ကို​သ​နား​တော်​မူ​ပါ။ ကျွန်​မ​၏​သ​မီး​သည် နတ်​ဆိုး​ပူး​၍ ပြင်း​ထန်​စွာ​ခံ​စား​နေ​ရ​ပါ​၏”​ဟု အော်​ဟစ်​လျှောက်​ထား​လေ​၏။

23. သို့​သော် ကိုယ်​တော်​သည် သူ့​ကို​တစ်​ခွန်း​မျှ ဖြေ​ကြား​တော်​မ​မူ။ ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ “ဤ​အ​မျိုး​သ​မီး​သည် အ​ကျွန်ုပ်​တို့​နောက်​မှ​လိုက်​လာ​ပြီး အော်​ဟစ်​နေ​ပါ​သ​ဖြင့် သူ့​ကို​ပြန်​သွား​စေ​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

24. ကိုယ်​တော်​က​လည်း “ငါ​သည် အစ္စ​ရေး​အ​မျိုး​၏​ပျောက်​ဆုံး​သော​သိုး​များ​ထံ​သို့​သာ စေ​လွှတ်​ခြင်း​ခံ​ရ​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

25. သို့​သော် ထို​အ​မျိုး​သ​မီး​သည်​လာ​၍ ကိုယ်​တော်​ကို​ရှိ​ခိုး​လျက် “သ​ခင်​ဘု​ရား၊ ကျွန်​မ​ကို​ကူ​ညီ​မ​စ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

26. ကိုယ်​တော်​က​လည်း “သား​သ​မီး​တို့​၏​အ​စာ​ကို​ယူ​၍ ခွေး​က​လေး​တို့​အား​ချ​ပေး​ခြင်း​သည် မ​ကောင်း​မ​သင့်​ပါ”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

27. ထို​အ​မျိုး​သ​မီး​က​မူ “မှန်​ပါ​၏ သ​ခင်​ဘု​ရား။ သို့​ရာ​တွင် ခွေး​က​လေး​များ​ပင်​လျှင် သူ​တို့​သ​ခင်​၏​စား​ပွဲ​မှ​ကျ​သော စား​နုပ်​စား​ပေါက်​များ​ကို စား​ကြ​ရ​ပါ​၏”​ဟု လျှောက်​လေ​၏။

28. ထို​အ​ခါ ယေ​ရှု​က “အို အ​မျိုး​သ​မီး၊ သင်​၏​ယုံ​ကြည်​ခြင်း​သည် ကြီး​မား​လှ​ပေ​၏။ သင်​အ​လို​ရှိ​သည့်​အ​တိုင်း သင်​၌​ဖြစ်​စေ”​ဟု မိန့်​တော်​မူ​ရာ သူ​၏​သ​မီး​သည် ထို​အ​ချိန်​နာ​ရီ​မှ​စ​၍ ကျန်း​မာ​လာ​လေ​၏။

29. ထို့​နောက် ယေ​ရှု​သည် ထို​နေ​ရာ​မှ ထွက်​ခွာ​လျက် ဂါ​လိ​လဲ​ပင်​လယ်​ကမ်း​နား​သို့ ကြွ​တော်​မူ​ပြီး​လျှင် တောင်​ပေါ်​သို့​တက်​ကာ ထို​အ​ရပ်​၌​ထိုင်​တော်​မူ​၏။

30. ထို​အ​ခါ များ​စွာ​သော​လူ​ထု​ပ​ရိ​သတ်​တို့​သည် ခြေ​မ​သန်​စွမ်း​သူ​များ၊ မျက်​မ​မြင်​များ၊ ကိုယ်အင်္ဂါ​ချို့​တဲ့​သူ​များ၊ ဆွံ့​အ​သူ​များ​နှင့် အ​ခြား​ရော​ဂါ​သည်​အ​မြောက်​အ​မြား​တို့​ကို မိ​မိ​တို့​နှင့်​အ​တူ​ခေါ်​ဆောင်​၍ အ​ထံ​တော်​သို့​လာ​ကြ​ကာ ခြေ​တော်​ရင်း​၌​ချ​ထား​ကြ​သ​ဖြင့် ကိုယ်​တော်​သည် သူ​တို့​ကို​ကျန်း​မာ​စေ​တော်​မူ​၏။

31. လူ​ထု​ပ​ရိ​သတ်​တို့​သည် ဆွံ့​အ​သူ​များ စ​ကား​ပြော​ကြ​သည်​ကို​လည်း​ကောင်း၊ ကိုယ်အင်္ဂါ​ချို့​တဲ့​သူ​များ အ​ကောင်း​ပ​က​တိ​ဖြစ်​ကြ​သည်​ကို​လည်း​ကောင်း၊ ခြေ​မ​သန်​စွမ်း​သူ​များ လမ်း​လျှောက်​ကြ​သည်​ကို​လည်း​ကောင်း၊ မျက်​မ​မြင်​များ မျက်​စိ​မြင်​ကြ​သည်​ကို​လည်း​ကောင်း တွေ့​မြင်​လျက် အံ့​သြ​ကြ​ကာ အစ္စ​ရေး​လူ​မျိုး​၏​ဘု​ရား​သ​ခင်​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​၏။

ရှင်​မဿဲ​ခ​ရစ်​ဝင် 15