7. အချို့တို့မူကား ဆူးပင်တို့တွင်ကျသဖြင့် ဆူးပင်တို့ကြီးထွားလာ၍ ၎င်းတို့ကို ကာဆီးပိတ်ဆို့ကြ၏။
8. အချို့တို့မူကား ကောင်းသောမြေ၌ကျသဖြင့် အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် အသီးသီးလေ၏။
9. နားရှိသောသူသည် ကြားပါစေ”ဟု မိန့်တော်မူ၏။
10. ထို့နောက် တပည့်တော်တို့သည် ချဉ်းကပ်လာ၍ “ကိုယ်တော်သည် အဘယ်ကြောင့် သူတို့အား ပုံဥပမာများဖြင့် မြွက်ဆိုတော်မူသနည်း”ဟု မေးလျှောက်ကြ၏။
11. ကိုယ်တော်ကလည်း “သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။
12. အကြောင်းမှာ ရှိသောသူအား ထပ်၍ပေးသဖြင့် သူသည် ကြွယ်ဝပြည့်စုံလိမ့်မည်။ မရှိသောသူမူကား သူ၌ရှိသောအရာပင် သူ့ထံမှ သိမ်းယူခြင်းခံရလိမ့်မည်။
13. ဤအကြောင်းကြောင့် ငါသည် သူတို့အား ပုံဥပမာများဖြင့်မြွက်ဆိုရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မြင်လျက်ပင်မမြင်၊ ကြားလျက်ပင်မကြား၊ နားလည်းမလည်ကြသောကြောင့်ဖြစ်၏။
14. ဤသို့ဖြင့် ဟေရှာယ၏ပရောဖက်ပြုဟောပြောချက်သည် သူတို့၌ ပြည့်စုံခြင်းသို့ရောက်လေ၏။ ဟောပြောချက်ကား ‘သင်တို့သည် ကြားလျက်ပင် လုံးဝနားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် လုံးဝသတိမမူဘဲ မြင်ကြလိမ့်မည်။
15. အကြောင်းမူကား ဤလူတို့၏စိတ်နှလုံးသည် ထုံထိုင်းလျက် နားသည်လည်း လေးလျက် မျက်စိသည်လည်း ပိတ်လျက်ရှိကြ၏။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်၍ နားဖြင့်ကြားလျက် စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် ငါသည် သူတို့ကိုကျန်းမာစေရမည်’ဟူ၍ဖြစ်၏။
16. သို့သော် သင်တို့၏မျက်စိသည်မြင်၍ သင်တို့၏နားသည်လည်း ကြားသောကြောင့် မင်္ဂလာရှိ၏။