30. ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးစလုံးအတူ ကြီးထွားကြပါစေ။ ရိတ်သိမ်းချိန်၌ ရိတ်သိမ်းသောသူတို့အား ‘မြက်သီးပင်များကို ဦးစွာနုတ်ယူ၍ ၎င်းတို့ကိုမီးရှို့ရန် အစည်းလိုက်ချည်ထားကြလော့။ ဂျုံဆန်ကိုမူကား ငါ၏ကျီထဲ၌ စုသိမ်းထားကြလော့’ဟု ငါပြောမည်ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
31. ကိုယ်တော်သည် အခြားသောပုံဥပမာကိုပေး၍ သူတို့အားမြွက်ဆိုတော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် မုန်ညင်းနက်စေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ မိမိ၏စိုက်ခင်း၌ ကြဲသောအခါ
32. ၎င်းသည် အစေ့တကာတို့ထက် သေးငယ်၏။ သို့သော် ကြီးထွားလာသောအခါတွင်မူ အခြားဟင်းသီးဟင်းရွက်ပင်တို့ထက် ကြီး၍ ၎င်း၏အကိုင်းများတွင် မိုးကောင်းကင်ငှက်တို့သည်လာ၍ အသိုက်ဖွဲ့နေနိုင်လောက်သောအပင်ဖြစ်လာ၏”ဟု မိန့်တော်မူ၏။
33. အခြားသောပုံဥပမာကို သူတို့အား မြွက်ဆိုတော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ အမျိုးသမီးတစ်ဦးသည် ၎င်းကိုယူ၍ ဂျုံမှုန့်သုံးစိတ်ထဲတွင်ထည့်လိုက်သော် မုန့်ညက်တစ်ပုံလုံးကိုဖောင်းပွစေ၏”ဟု မိန့်တော်မူ၏။
34. ယေရှုသည် ဤအကြောင်းအရာအလုံးစုံတို့ကို ပုံဥပမာများဖြင့် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူ၏။ ပုံဥပမာမပါဘဲ သူတို့အား မြွက်ဆိုတော်မမူ။
35. ဤသည်ကား “ငါသည် ပုံဥပမာများဖြင့် ငါ့နှုတ်ကိုဖွင့်လျက် ကမ္ဘာတည်ကတည်းက ကွယ်ဝှက်ထားသောအရာတို့ကို ထုတ်ဖော်ပြောဆိုမည်”ဟု ပရောဖက်အားဖြင့် မိန့်တော်မူသောအရာပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
36. ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်တို့ကိုထားခဲ့၍ အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာ၍ “စိုက်ခင်းထဲမှ မြက်သီးပင်များပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်ကြ၏။
37. ထိုအခါ ကိုယ်တော်က “ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူ့သားဖြစ်ပြီး
38. စိုက်ခင်းသည် ဤလောကဖြစ်၏။ ကောင်းသောမျိုးစေ့သည် နိုင်ငံတော်၏သားများဖြစ်ကြ၏။ မြက်သီးပင်များမူကား မာရ်နတ်၏သားများဖြစ်ကြ၏။
39. မြက်သီးမျိုးစေ့များကိုကြဲသောရန်သူသည် မာရ်နတ်ဖြစ်၏။ ရိတ်သိမ်းချိန်မူကား ကပ်ကမ္ဘာကုန်ဆုံးချိန်ဖြစ်၍ ရိတ်သိမ်းသောသူတို့သည် ကောင်းကင်တမန်များဖြစ်ကြ၏။
40. သို့ဖြစ်၍ မြက်သီးပင်များကိုနုတ်ယူ၍ မီးရှို့သကဲ့သို့ ကပ်ကမ္ဘာကုန်ဆုံးချိန်၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။
41. လူ့သားသည် မိမိ၏ကောင်းကင်တမန်များကိုစေလွှတ်သဖြင့် သူတို့သည် မှားယွင်းစေသောအရာများနှင့် တရားမဲ့သောအမှုကိုပြုသောသူများအားလုံးတို့ကို နိုင်ငံတော်မှ နုတ်ယူပြီးလျှင်
42. မီးပြင်းဖိုထဲသို့ ပစ်ချကြလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့် အံကြိတ်ခြင်းရှိလိမ့်မည်။
43. ထိုအခါ ဖြောင့်မတ်သောသူတို့သည် သူတို့အဖ၏နိုင်ငံတော်၌ နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်။ နားရှိသောသူသည် ကြားပါစေ။