ရှင်​မဿဲ​ခ​ရစ်​ဝင် 13:27-40 Myanmar Standard Bible (MSB)

27. ထို​အ​ခါ စိုက်​ခင်း​ပိုင်​ရှင်​၏​အ​စေ​အ​ပါး​တို့​သည်​လာ​၍ ‘သ​ခင်၊ သ​ခင်​၏​စိုက်​ခင်း​၌ ကောင်း​သော​မျိုး​စေ့​ကို ကြဲ​ခဲ့​သည်​မ​ဟုတ်​လော။ သို့​ဖြစ်​လျှင် မြက်​သီး​ပင်​များ​သည် အ​ဘယ်​က​ပေါက်​လာ​သ​နည်း’​ဟု မေး​မြန်း​ကြ​၏။

28. စိုက်​ခင်း​ပိုင်​ရှင်​က​လည်း ‘ဤ​သည်​ကား ရန်​သူ​၏​လုပ်​ရပ်​ဖြစ်​၏’​ဟု ဆို​၏။ ထို​အ​ခါ အ​စေ​အ​ပါး​တို့​က ‘ထို​သို့​ဆို​လျှင် အ​ကျွန်ုပ်​တို့​သွား​၍ မြက်​သီး​ပင်​တို့​ကို နုတ်​ယူ​ရ​မည်​လော’​ဟု မေး​လျှောက်​ကြ​၏။

29. သို့​သော် စိုက်​ခင်း​ပိုင်​ရှင်​က ‘ထို​သို့​မ​ပြု​နှင့်။ မြက်​သီး​ပင်​များ​ကို​နုတ်​ယူ​စဉ် ဂျုံ​ပင်​ကို​ရော​နှော​၍ အ​မြစ်​ပါ​မ​ကျန်​ဆွဲ​နုတ်​မိ​မည်​ကို စိုး​ရိမ်​ရ​၏။

30. ရိတ်​သိမ်း​ချိန်​တိုင်​အောင် နှစ်​မျိုး​စ​လုံး​အ​တူ ကြီး​ထွား​ကြ​ပါ​စေ။ ရိတ်​သိမ်း​ချိန်​၌ ရိတ်​သိမ်း​သော​သူ​တို့​အား ‘မြက်​သီး​ပင်​များ​ကို ဦး​စွာ​နုတ်​ယူ​၍ ၎င်း​တို့​ကို​မီး​ရှို့​ရန် အ​စည်း​လိုက်​ချည်​ထား​ကြ​လော့။ ဂျုံ​ဆန်​ကို​မူ​ကား ငါ​၏​ကျီ​ထဲ​၌ စု​သိမ်း​ထား​ကြ​လော့’​ဟု ငါ​ပြော​မည်​ဟု ဆို​လေ​၏”​ဟူ​၍ မိန့်​တော်​မူ​၏။

31. ကိုယ်​တော်​သည် အ​ခြား​သော​ပုံ​ဥ​ပ​မာ​ကို​ပေး​၍ သူ​တို့​အား​မြွက်​ဆို​တော်​မူ​သည်​မှာ “ကောင်း​ကင်​နိုင်​ငံ​တော်​သည် မုန်​ညင်း​နက်​စေ့​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ထို​အ​စေ့​ကို​ယူ​၍ မိ​မိ​၏​စိုက်​ခင်း​၌ ကြဲ​သော​အ​ခါ

32. ၎င်း​သည် အ​စေ့​တ​ကာ​တို့​ထက် သေး​ငယ်​၏။ သို့​သော် ကြီး​ထွား​လာ​သော​အ​ခါ​တွင်​မူ အ​ခြား​ဟင်း​သီး​ဟင်း​ရွက်​ပင်​တို့​ထက် ကြီး​၍ ၎င်း​၏​အ​ကိုင်း​များ​တွင် မိုး​ကောင်း​ကင်​ငှက်​တို့​သည်​လာ​၍ အ​သိုက်​ဖွဲ့​နေ​နိုင်​လောက်​သော​အ​ပင်​ဖြစ်​လာ​၏”​ဟု မိန့်​တော်​မူ​၏။

33. အ​ခြား​သော​ပုံ​ဥ​ပ​မာ​ကို သူ​တို့​အား မြွက်​ဆို​တော်​မူ​သည်​မှာ “ကောင်း​ကင်​နိုင်​ငံ​တော်​သည် တ​ဆေး​နှင့်​တူ​၏။ အ​မျိုး​သ​မီး​တစ်​ဦး​သည် ၎င်း​ကို​ယူ​၍ ဂျုံ​မှုန့်​သုံး​စိတ်​ထဲ​တွင်​ထည့်​လိုက်​သော် မုန့်​ညက်​တစ်​ပုံ​လုံး​ကို​ဖောင်း​ပွ​စေ​၏”​ဟု မိန့်​တော်​မူ​၏။

34. ယေ​ရှု​သည် ဤ​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို ပုံ​ဥ​ပ​မာ​များ​ဖြင့် လူ​ထု​ပ​ရိ​သတ်​တို့​အား မြွက်​ဆို​တော်​မူ​၏။ ပုံ​ဥ​ပ​မာ​မ​ပါ​ဘဲ သူ​တို့​အား မြွက်​ဆို​တော်​မ​မူ။

35. ဤ​သည်​ကား “ငါ​သည် ပုံ​ဥ​ပ​မာ​များ​ဖြင့် ငါ့​နှုတ်​ကို​ဖွင့်​လျက် ကမ္ဘာ​တည်​က​တည်း​က ကွယ်​ဝှက်​ထား​သော​အ​ရာ​တို့​ကို ထုတ်​ဖော်​ပြော​ဆို​မည်”​ဟု ပ​ရော​ဖက်​အား​ဖြင့် မိန့်​တော်​မူ​သော​အ​ရာ​ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။

36. ထို့​နောက် ကိုယ်​တော်​သည် လူ​ထု​ပ​ရိ​သတ်​တို့​ကို​ထား​ခဲ့​၍ အိမ်​ထဲ​သို့​ဝင်​တော်​မူ​လျှင် တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​၍ “စိုက်​ခင်း​ထဲ​မှ မြက်​သီး​ပင်​များ​ပုံ​ဥ​ပ​မာ​ကို အ​ကျွန်ုပ်​တို့​အား​ရှင်း​ပြ​တော်​မူ​ပါ”​ဟု လျှောက်​ကြ​၏။

37. ထို​အ​ခါ ကိုယ်​တော်​က “ကောင်း​သော​မျိုး​စေ့​ကို​ကြဲ​သော​သူ​သည် လူ့​သား​ဖြစ်​ပြီး

38. စိုက်​ခင်း​သည် ဤ​လော​က​ဖြစ်​၏။ ကောင်း​သော​မျိုး​စေ့​သည် နိုင်​ငံ​တော်​၏​သား​များ​ဖြစ်​ကြ​၏။ မြက်​သီး​ပင်​များ​မူ​ကား မာရ်​နတ်​၏​သား​များ​ဖြစ်​ကြ​၏။

39. မြက်​သီး​မျိုး​စေ့​များ​ကို​ကြဲ​သော​ရန်​သူ​သည် မာရ်​နတ်​ဖြစ်​၏။ ရိတ်​သိမ်း​ချိန်​မူ​ကား ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​ဖြစ်​၍ ရိတ်​သိမ်း​သော​သူ​တို့​သည် ကောင်း​ကင်​တ​မန်​များ​ဖြစ်​ကြ​၏။

40. သို့​ဖြစ်​၍ မြက်​သီး​ပင်​များ​ကို​နုတ်​ယူ​၍ မီး​ရှို့​သ​ကဲ့​သို့ ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌​လည်း ထို​နည်း​တူ​ဖြစ်​လိမ့်​မည်။

ရှင်​မဿဲ​ခ​ရစ်​ဝင် 13