14. ဤသို့ဖြင့် ဟေရှာယ၏ပရောဖက်ပြုဟောပြောချက်သည် သူတို့၌ ပြည့်စုံခြင်းသို့ရောက်လေ၏။ ဟောပြောချက်ကား ‘သင်တို့သည် ကြားလျက်ပင် လုံးဝနားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် လုံးဝသတိမမူဘဲ မြင်ကြလိမ့်မည်။
15. အကြောင်းမူကား ဤလူတို့၏စိတ်နှလုံးသည် ထုံထိုင်းလျက် နားသည်လည်း လေးလျက် မျက်စိသည်လည်း ပိတ်လျက်ရှိကြ၏။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်၍ နားဖြင့်ကြားလျက် စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် ငါသည် သူတို့ကိုကျန်းမာစေရမည်’ဟူ၍ဖြစ်၏။
16. သို့သော် သင်တို့၏မျက်စိသည်မြင်၍ သင်တို့၏နားသည်လည်း ကြားသောကြောင့် မင်္ဂလာရှိ၏။
17. သင်တို့အား ငါအမှန်ဆိုသည်ကား များစွာသောပရောဖက်တို့နှင့် ဖြောင့်မတ်သောသူတို့သည် သင်တို့မြင်နေရသောအရာတို့ကို အလွန်မြင်လိုကြသော်လည်း မမြင်ခဲ့ကြရပေ။ သင်တို့ကြားနေရသောအရာတို့ကို အလွန်ကြားလိုကြသော်လည်း မကြားခဲ့ကြရပေ။
18. ထို့ကြောင့် မျိုးကြဲသောသူ၏ပုံဥပမာကို သင်တို့နားထောင်ကြလော့။
19. မည်သူမဆို နိုင်ငံတော်နှင့်ဆိုင်သောတရားစကားကိုကြား၍ နားမလည်ဘဲနေလျှင် မာရ်နတ်သည်လာ၍ သူ၏စိတ်နှလုံးထဲ၌ကြဲထားသောအရာကို လုယူလေ၏။ လမ်းဘေးတွင်ကြဲခြင်းခံရသည်ဆိုသည်မှာ ထိုသို့သောသူကိုဆိုလို၏။
20. ကျောက်ပေါများသောနေရာတွင်ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာဖြင့် ချက်ချင်းလက်ခံသောသူကိုဆိုလို၏။
21. သို့သော် သူ၌အမြစ်မစွဲသဖြင့် ခဏသာခံ၏။ တရားစကားကြောင့် ဆင်းရဲဒုက္ခ သို့မဟုတ် ညှဉ်းဆဲခြင်းရောက်လာသောအခါ ချက်ချင်းစိတ်ပျက်သွားလေ၏။
22. ဆူးပင်တို့တွင် ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာ၌စိုးရိမ်ပူပန်ခြင်းနှင့် စည်းစိမ်၏လှည့်ဖြားခြင်းတို့က တရားစကားကို ကာဆီးပိတ်ဆို့သဖြင့် အသီးမသီးသောသူကိုဆိုလို၏။
23. ကောင်းသောမြေပေါ်၌ ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ နားလည်သောသူကိုဆိုလို၏။ ထိုသို့သောသူသည် အမှန်ပင် အသီးသီး၍ အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် သီးလေ၏”ဟု မိန့်တော်မူ၏။
24. ကိုယ်တော်သည် အခြားသောပုံဥပမာကိုပေး၍ သူတို့အား မြွက်ဆိုတော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို မိမိစိုက်ခင်း၌ ကြဲသောသူနှင့်တူ၏။
25. သို့သော် လူတို့အိပ်ပျော်နေကြစဉ် သူ၏ရန်သူသည်လာ၍ ဂျုံမျိုးစေ့ကြားတွင် မြက်သီးမျိုးစေ့များကိုကြဲပြီး ထွက်သွားလေ၏။
26. အပင်ပေါက်၍ အနှံထွက်လာသောအခါ မြက်သီးပင်များလည်း ထင်ရှားလာကြ၏။